🖤ဘကြီးအောင် ညာခဲ့တယ်...🖤
အဘနဲ့အမေ ဘယ်မှာလည်းလို့မေးတဲ့
ဖိုးထူးလေး စကားကြားလိုက်တိုင်း အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ဘကြီးအောင် အဖြေပေးဖို့ လက်တွေ တန့်နေခဲ့သည်အထိ...အကြိမ်ကြိမ်အခါခါရယ်ပါ။
ပေါင်လယ်လောက်သာရှိတဲ့ ဖိုးထူးလေးက
လက်ကို လာဆွဲလာပြီး
"ဘကြီးအောင်ရယ် ...အိမ်ပြန်ကြပါစို့ ကျုပ်တို့အိမ်မှာ အဘနဲ့အမေပြန်လာလို့ ကျုပ်ကိုမတွေ့ရင် အဆူခံထိမှာ။
ပြီးတော့ ကြီးတော်ခေါက်ကပြောတယ်...အဘက နွားလားလေး ညိုလုံးကို ကြီးအောင်မွေးနေတယ်တဲ့။
ဒီတစ်ခါ မိဖြူလေးက သားပေါက်တွေမွေးရင် နောက်နှစ်ရှင်ပြုပေးဖို့အတွက် ပိုက်ဆံတွေအလုံအလောက်ရပြီတဲ့။ကျုပ်ကလေ ထန်းစင်ကြီးပေါ်မှာ ရှင်လောင်းဝတ်စုံကြီးနဲ့ အခန့်သားထိုင်နေရမှာတဲ့။ အဘနဲ့အမေက ဝတ်ကောင်းစားလှတွေဝတ် သပိတ်လွယ်ပြီးတော့ ရှင်လောင်းနောက်ကနေ လိုက်လာမှာတဲ့ဗျာ့ ။ရွာတောင်ပိုင်းက ဒေါ်ပုမသမီးဂွက်ထော်ရယ်လေ ... နားသချင်လို့ ဟိုတလောတုန်းက ပဲတွေအငှားနှုတ်ပြီး သားအမိနှစ်ယောက်စုကြတာ ငွေ ငါးသောင်းရတယ်တဲ့။"ဖိုးထူးလေးစကားတွေက ဘကြီးအောင်ရင်ထဲကို လှိုက်ခနဲ့ ဝမ်းနည်းပြီး ရင်ထုမနာဖြစ်ရတယ်။
ဒီကလေးကို အဖြေပြန်ပေးဖို့ ဘယ်လိုများပြန်ပေးရပါ့မလဲ ...
'မောင်ရင်မောင်နဲ့ မညိုမရယ် ...ငါဘယ်လိုများ ပြန်ဖြေရပါ့မလဲကွာ ။သူအိပ်မက်စိတ်ကူးတွေ မဖြစ်လာနိုင်တော့ဘူးလို့..။သူမေးနေတဲ့ အဘနဲ့အမေက လူလောကထဲမှာ မရှိကြတော့သလို သူ့ကိုဘယ်တော့မှ လာမတွေ့နိုင်တော့ဘူးလို့။ ဗလာနတ္တိပျောက်ကွယ်သွားပြီဖြစ်တဲ့ မင်းတို့အိမ်ကြီးကို ပြန်ဖို့ အိမ်ပြန်မယ်တကဲကဲ လုပ်နေတဲ့ မင်းတို့သားလေးကို ငါဘယ်လိုများ ပြန်ပြောရတော့မလဲကွာ။'ဘကြီးအောင် ညိုမည်းနေတဲ့ မျက်နှာပေါ်သို့ ယောကျာ်းရင့်မာကြီး တစ်ယောက်အနေနဲ့ မျက်ရည်တစ်စက် စိီးကြသွားခဲ့သည်။ဖိုးထူးလေး မမြင်စေဖို့နဲ့ မျက်ရည်ထပ်မကျစေဖို့ ကောင်ကင်ကြီးကို မော့ကြည့်လိုက်ပြီး
ကွဲအက်နေတဲ့အသံဖြင့်
"ပြန်လာမှာပေါ့ကွာ...သူတို့ ငွေရှာဖို့ မော်ထဲကိုသွားကြတယ်။
အိမ်ကိုတော့ ဘကြီးအောင်တို့ မပြန်သေးပါဘူးကွာ။ဘကြီးအောင် မိတ်ဆွေရွာမှာ တစ်လကိုးသတင်းလောက် အလည်အပတ်နေကြတာပါ့ ငါ့တူကြီးရယ်။ဒီမှာ လိမ်လိမ်မာမာနဲ့နေပါ ဘကြီးအောင်စကားနားထောင်ပါလို့ မောင်ရင်မောင်က မှာသွားတယ် လူလေးရယ်။
လူလေး အဘနဲ့အမိကို လွမ်းတဲ့အခါကျ စာရေးလို့ရတာပါ့။
ညနေ ရွာထဲသွားရင် ဘကြီးအောင် ခဲတံနဲ့ စာအုပ်ဝယ်ခဲ့မယ်။"ဘကြီးအောင် သက်ပြင်းမောတစ်ချက်ချမိ၏။
ဒီလူကလေး ဖိုးထူးအရာအားလုံးကို နားလည်လာရင်ဖြင့်
နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာပြီး 'ဘကြီးအောင်ညာခဲ့တယ်' လို့ပြောမလား။'လူလိမ်ကြီး'လို့ပဲ ခေါ်လေမလား။ ငိုကြီးချက်မနဲ့ အမိတငိုနေလေမလား မတွေးတတ်တော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အသက် ငါးနှစ်သာရှိသေးတဲ့ ဒီကလေးကို အရာအားလုံးကိုပြောပြ၍မဖြစ်။ နို့မို့ဆို ဒီကလေး အသဲခိုက်အောင်ငိုပြီး ရင်ကွဲသွားလေမလား။'ဘကြီးအောင်ပဲ လူဆိုးကြီး လုပ်ပါရစေတော့ လူလေးရယ် ...လူလေးမိဘတွေက ကောင်းကင်မှာ ကြယ်လေးတွေအဖြစ်နဲ့ လူကလေးကို စောင့်ကြည့်နေကြအုံးမှာပါ'။အနားဝဲလာတဲ့ လိပ်ပြာလေးနှစ်ကောင်ကို အသာလေး လက်ကလေးနဲ့ တို့ထိနေခဲ့သဖြင့် ဘကြီးအောင်၏ မူမမှန်သောအသံအနေထားနဲ့ ပျက်ယွင်းနေသော မျက်နှာထားတို့ကို ဖိုးထူးလေး အကဲမခတ်ခဲ့မိပါ။ ငါးနှစ်ဆိုတဲ့အရွယ်က လူကဲခတ်တတ်ဖို့ ငယ်ရွယ်လွန်းတာလည်း ပါပေလိမ့်မည်။ မနားမှာ ဝဲနေတဲ့ လိပ်ပြာလေးနှစ်ကောင်ကိုသာ သဘောတကျ လိုက်ပုတ်နေခဲ့မိတာမို့ ဘကြီးအောင်ကို အမေးစကားထပ်မဆိုခဲ့မိချေ။အကယ်၍ တစ်နေ့မှာ ဖိုးထူးလေးသာ အရွယ်ရောက် သိတတ်နားလည်လာခဲ့လျှင်
လိမ်ညာရက်ခဲ့တဲ့ ဘကြီးအောင်ကိုပဲ လူလိမ်ကြီးဆိုပြီး ပြစ်တင်ကြိမ်းမောင်းနေမလား။ ပြန်မလညမဲ့လမ်းကို သွားခဲ့ကြတဲ့ မိဘနှစ်ပါးကို နောက်ဆုံးအနေနဲ့ နှုတ်တောင်မဆက်လိုက်ရတဲ့တွက် အသဲခိုက်အောင်ပဲ ငိုကြွေးနေလိမ့်မည်လား.....။#☘️လေလွှင့်နေတဲ့မြက်ပင်လေး🌿🌿ChuChu🌻🌻
စိတ်ခံစားချက်တွေ များလာတဲ့အခါ စာအရှည်ကြီးတွေ အလိုအလျောက် ထွက်ကြလာတယ်ရယ်။
YOU ARE READING
🖤ဘကြီးအောင် ညာခဲ့တယ်...🖤
Short Story#တစ်နေ့မှာ အမှားတရားကို မျက်ဝါးထင်ထင်သိမြင်သွားခဲ့ရင်