နက်ပြာရောင် SUV ကားတစ်ဆင်းက သူနှင့်ဟက်စပ်မှုမရှိသည့်အရပ်ဈေးတန်းတစ်နေရာသို့အရှိန်ဖြင့်ထိုးရပ်သည်။ ဈေးတန်းကျဥ်းထဲရှိလူအများရဲ့ မှုန်ကုပ်ကုပ်အကြည့်တွေကိုခံယူနေရသော်လည်း တခြားနေရာသို့ပြောင်းရပ်မည့်ပုံမပေါ်။
မကြာခင်ပဲ ထိုကားအတွင်းမှ ဆင်းလာသည့်မိန်းမပျိုတစ်ဦးကြောင့် မျက်နှာချင်းဆိုင်အသားဆိုင်ခပ်သေးသေးရှိမိန်းမကြီးမှာပျာယာခတ်သွားသည်။
နေကာမျက်မှန်ကိုခပ်ဆင်းဆင်း နှာရိုးပေါ်ပင့်တင်၍လျှောက်လာသည့်သူမ။ အသက်ငယ်သော်ငြား အများရှိန်သည့်ဩဇာတစ်ခုတော့ရှိသည်။
နွေပူပူအလယ်မှာ အညိုရောင်တီရှပ်ပွပွနှင့်ပေါင်လယ်မျှရှိသော အဖြူရောင်ဘောင်းဘီပွကိုဝတ်ထားကာ၊ ဂွမ်းထိုးဖိနပ်အညိုရောင်ကိုဆင်မြန်းထားသည်က ခပ်သေးသေးခန္ဓာကိုယ်နှင့်လိုက်ဖက်လှသည်။
အရှေ့ရှိ အစိုးမရဖြစ်နေသည့်အသားသည်မိန်းမကြီးကိုကြည့်ပြီး ခပ်ထေ့ထေ့ရယ်လိုက်သည့်အခါ'က' သဏ္ဍာန်သွေးဥရောင်နှုတ်ခမ်းများကကွေးညွတ်သွားသည်။
" ဗျို့...အန်တီမြင့် ဒီနေ့ရောင်းကောင်းနေပါရောလား၊ ဝယ်သွားတဲ့လူတွေမှအားကြီးပဲ။"
" ဆန်း..ဆန်းမြိုင် အန်တီမနေ့ကသမီးဆီလာတော့မလို့ပဲ ဒါပေမဲ့...."
ချထားသည့်ကြက်ရင်အုံတွဲတွေကိုလိုက်ကြည့်ရင်းပြောတော့ အန်တီမြင့်ထံမှ ခယသည့်လေသံထွက်လာသည်။သို့သော် ဒါပေမဲ့ ဟူသောဆင်ခြေ၏လမ်းစကိုမြင်သည့်အခါ နေကာမျက်မှန်ကိုချွတ်ကာ မျက်လုံးလှန်ကြည့်လိုက်သည်။
" ရှည်ရှည်ဝေးဝေးပြောမနေချင်တာမလို့ အခုအတိုးဖဲ့ဆပ်လိုက်။"
" အတိုးကလေ အန်တီ့သားလေးပြန်လာမှပေးလို့မရဘူးလားဟင်၊ နည်းနည်းမဟုတ်ပဲတစ်ဝက်ဆပ်မှာပါ။"
အန်တီမြင့်က အသားငါးဗန်းတွေအပေါ်ယက်တောင်ဖြင့်ခတ်ရင်းပြောသည်။ ဝယ်သူတစ်ယောက်စနှစ်ယောက်စရောက်လာတာမို့စကားခဏရပ်ထားပေးလိုက်၏။
ထိုဝယ်သူတွေပြန်သွားမှသာစကားဆက်သည်။
" မပေးတာဘယ်နှရက်ရှိပြီလဲ၊ ကျွန်မလည်းအဲဒီ့ပိုက်ဆံတွေကိုငွေတွင်းထဲကနှိုက်လာတယ်များထင်နေသလားအန်တီမြင့်။ တစ်ဝက်တွေဘာတွေကနောက်မှ.....အရင်ဆုံးအတိုး၆သိန်းပေးလိုက်။"

YOU ARE READING
(မမရဲ့ရာဇ)
Storie d'amore" ရာဇ...ရာဇ...ဘယ်သူ့ရာဇ?" " မမရဲ့ရာဇ!" Nomal OC (Sweet & Romance ) ကူးယူရေးသားခြင်းခွင့်မပြု⚠