အပိုင်း (၂၆) တစ်စုံတစ်ငှက် စိတ်ဆိုးနေတယ်ထင်လို့လေ ....

289 32 3
                                    

" မောင်ဥဒေါင်းညို ခြောက်နာရီလည်း ထိုးခါနီးပြီဆိုတော့ ပြန်နှင့်တော့လေ ၊ ကျန်တာကို အရီးတို့ပြီးအောင် လုပ်လိုက်မယ်။ လာကူပေးတာ ကျေးဇူးပါ သားရယ်၊ သားတို့ကိုပဲ တစ်ခုခုဆို အားကိုးနေရတာ။ ဒါပေမဲ့ ဆယ်တန်းကျောင်းသားဆိုတော့ ဒီတစ်နေ့ကူပေးတာကို အရီးတို့က အားနာလှပါပြီ။ ကျောင်းက စားစရာတွေကို သားတို့အိမ်ကို ပို့ပေးလိုက်မယ်။ သားတို့ စာလည်း ကြိုးစားကြကွယ် "

    မှောင်ရီပျိုးစချိန်ဖြစ်သောအခါတွင် အရီးက သူတို့ကို ပြန်ရန်ပြောလေသည်။ ဥဒေါင်းညိုနှင့် မင်းခန့်က ကူလုပ်လက်စတွေကို ရပ်ကာ သူတို့က ပြန်ရန် ပြင်ဆင်ရလေသည်။

   အိမ်နှင့် ဘုန်းကြီးကျောင်းက သိပ်မဝေးပေ။ ပုံမှန်ရက်တွေမှာ ဘုန်းကြီးကျောင်းမှာ အလှုရှိနေရင်တောင် ဥဒေါင်းညိုက မလာဖြစ်ပေ။သည်ကနေ့ အလှူက ဥဒေါင်းညိုအမေနှင့် အမျိုးအဆွေဖြစ်သော အရီးတစ်ယောက်၏အလှူဖြစ်နေတာကြောင့် သူက အစစအရာရာ အဆင်ပြေအောင် လိုက်ကူနေရင်း ညနေစောင်းတော့ သူက မောနေလေသည်။ သူ့အမေက အိမ်သို့ ညနေပိုင်းတစ်ခဏပြန်သွားပြီး သူ့အဖေက အလုပ်ဆင်းချိန် ညနေပိုင်းမှ လာဖြစ်လေသည်။ မေမေက ညပိုင်းတရားနာချင်သေးတာကြောင့် ရေချိုးရန်ပြန်သွားတာဖြစ်သည်။ ဥဒေါင်းညိုက မနက်ခင်း ဆွမ်းကပ်လျှင် အသုံးပြုရန် လင်ဗန်းများကို ဆေးကြောကာ မှောက်ခဲ့ပြီးနောက် သူက ဘုန်းကြီးကျောင်းပေါ်တွင် အရီးနှင့် စကားလက်ဆုံကျနေသော အဖေဆီသို့ သွားကာ ပြန်တော့မည်ဖြစ်ကြောင်း ပြောလေသည်။

    အောက်ထပ်ကို ကွန်ကရစ်ဖြင့်ဆောက်လုပ်ထားပြီး အပေါ်ထပ်ကို သစ်သားမြိုင်မြိုင်ဖြင့် ဆောက်လုပ်ထားသော ကျောင်းတိုက်သည် သံဃာအပါး ၃၀ ကျော်မှ သီတင်းသုံးနေထိုင်သော ကျောင်းတိုက်တစ်ခုဖြစ်လေသည်။ တစ်နယ်တစ်ကျေးက လာရောက်တည်းခိုသော သံဃာများကိုလည်း ရံဖန်ရံခါတွေ့ရတတ်သကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်တွေဆိုလျှင် ကိုရင်များ၊ဖိုးသူတော်များရှိလေရာ စာအံသံများ ဆူညံနေတတ်၏။ ရပ်ကွက်အတွင်း ကျောင်းတိုက်ဖြစ်သော်လည်း ကျဉ်းကျဉ်းကြပ်ကြပ်တော့ မဟုတ်ချေ။ ကျယ်ကျယ်ဝင်းဝင်းရှိပြီး လေကောင်းလေသန့်လည်း ရလေသည်။ ဆိတ်ဆိတ်ညံညံလည်း ရှိလေသည်။ ငယ်စဉ်ကတည်းက လာလေ့လာထရှိသော ဘုန်းကြီးကျောင်းဖြစ်တာကြောင့် နေရာတိုင်းက ဥဒေါင်းညိုနှင့် မစိမ်းပေ။ ပေါလစ်တိုက်ထားသော လှေကားပေါ်သို့ တက်ပြီးနောက် ကျောင်းပေါ်တွင် ဆရာတော်ဘုရား၊ အရီးတို့နှင့် စကားလက်ဆုံကျနေသော အဖေဆီသို့ သွားလိုက်သည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Dove le storie prendono vita. Scoprilo ora