ဒေါင်...ဒေါင်...ဒေါင်
ဒေါင်...ဒေါင်...ဒေါင်
ယနေ့ကြားရသောသံချောင်းခေါက်သံသည် ရိုးရိုးသံချောင်းခေါက်သံမဟုတ်။စာသင်နှစ်တစ်နှစ်၏နောက်ဆုံးသံချောင်းခေါက်သံ။သံချောင်းခေါက်သံဆုံးသည်နှင့် စာသင်ခန်းအသီးသီးမှကျောင်းသားများအလျှိုအလျှိုထွက်လာကြသည်။ပိုင်ပိုင်နိုင်နိုင်ဖြေနိုင်ခဲ့သူများကတော့ ငါတော့ဒီဘာသာဂုဏ်ထူးပဲဟုပြောရင်းဂုဏ်ယူနေကြဟန်။တစ်ချို့ကတော့ဘယ်ပုံLabelတပ်ဖို့ကျန်ခဲ့တယ်။ဘယ်အပိုဒ်တော့နည်းနည်းမှားတယ်။True or Falseတော့မှားထည့်မိပြန်ပြီနှင့်ဆူညံနေကြပြန်။တစ်ချို့ကျောင်းသားများကတော့ သိပ်မဖြေနိုင်ပေမယ့် အောင်မှတ်တော့ရလောက်ပါတယ်ဟု ဖြေပြော,ပြောနေကြပြန်သည်။
သို့သော် ဂုဏ်ထူးမှန်းသူရော၊နည်းနည်းမှားသူရော၊သိပ်မဖြေနိုင်သူရော ဘယ်သူဘယ်လောက်ဖြေနိုင်သည်ဆိုတာ အောင်စာရင်းနှင့်အမှတ်စာရင်းက သက်သေပြပါလိမ့်မည်။
ကျောင်းသားတစ်ဝက်လောက်ထွက်ခွါသွားပြီးသည့်နောက်တွင် ကျောင်းသားလေးနှစ်ဦးကတော့ စကားတစ်ပြောပြောနှင့် ခပ်အေးအေးပင်လမ်းလျှောက်ရင်းထွက်လာကြသည်။သူတို့လည်းအဖြေတိုက်နေကြဟန်ပင်။
“ဖြေနိုင်လား...ကောင်းခိုင်”
“အင်း...ဒီတစ်ခုတော့ဂုဏ်ထူးသေချာတယ်... မင်းရော”
“ဂုဏ်ထူးတော့မသေချာဘူး...”
“ညနေကျမုန့်သွားစားမယ်လေ။မင်းကြိုက်တဲ့ဘုရားနားကအကြော်”
“အင်း...သွားမယ်လေ”
လမ်းလျှောက်နေရင်း ကျောင်းဆောင်ခေါင်မိုးအောက်နေလွတ်လာသည်မို့ နေအပူရှိန်ကိုစတင်ခံစားလာရသည်။ဘေးက ကောင်းခိုင်ကိုကြည့်လိုက်တော့လည်း ခေါင်းပြောင်ပြောင်နှင့်ပင်။
“ရော့...နေပူတယ်။ငါ့အနွေးထည်ဆောင်းထားလိုက်။ထီးတို့ ဦးထုပ်တို့ဆောင်းဖို့ မင်းအတွက်တော်တော်ခက်ခဲသလားကောင်းခိုင်”
“မင်းကျတော့ပါတာကျလို့”
“ငါကအနွေးထည်တော့အမြဲပါတယ်လေ”