လေနုအေးလေးက မျက်နှာကို တိုးဝှေ့သွားခြင်းနှင့်အတူ လွင့်ကြွေလာတဲ့ Maple ရွက်ဝါလေးကို ငေးရင်း နွေဦးရောက်ပြီဆိုတာကို သတိပြုမိရသည်။
ဒီအချိန် ကိုကိုတစ်ယောက် ဘယ်တွေကိုများ ရောက်လို့ ဘာတွေများ လုပ်နေလိမ့်မလဲ။
သူ့အနား ကိုကိုမရှိတော့သည်မှာ အချိန်တွေ ကြာခဲ့ပေမယ့် သူကတော့ စောင့်နေမိဆဲပါပဲ။
ကိုကိုကတော့ ကိုကို့ကို အသက်လောက်ချစ်တဲ့သူတစ်ယောက် ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာ စောင့်နေဆဲဆိုတာ သိပါရဲ့လား။
ကောင်းကင်ကို မော့ကြည့်ရင်း စိတ်မောစွာဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
နွေဦး ရောက်လာခဲ့ပြန်ပြီ ကိုကိုရေ~___________________________________________
" Yujinnie~ သား ဘယ်သွားမလို့လဲ "
အဝတ်လဲပြီး အပေါ်ထပ်က ဆင်းလာတဲ့ သူ့ကို မီးဖိုချောင်ထဲက မေမေက လှမ်းမေးသည်။
" လမ်းထိပ်တင် မေမေ
စာလုပ်ရင်း ညောင်းလာလို့ လမ်းလေးဘာလေး ထွက်လျှောက်မလို့
ရေခဲမုန့်လည်း စားချင်တာနဲ့ "" အေး အေး သွား သွား "
" ဘာမှာဦးမလဲ မေမေ "
" ဘာမှ မမှာပါဘူး။ အရမ်း နောက်မကျစေနဲ့နော် "
" ဟုတ် ရေခဲမုန့်ပဲ ဝယ်ပြီး ပြန်လာမှာပါ "
ပြောပြောဆိုဆို Yujin က အိမ်တံခါးဖွင့်ပြီး ထွက်သည်။
နွေဦးညနေခင်း လမ်းထွက်လျှောက်ရတာလည်း ပျော်စရာပါပဲ။
အရမ်းလည်းမပူ အရမ်းလည်း မအေးသည့် ဒီရာသီကို သဘောကျသည်။
အရင်နေ့တွေက စာတွေပိနေတာနဲ့ အိမ်ထဲကအိမ်ပြင်တောင် မထွက်နိုင်ခဲ့တာလေ။
CSAT စာမေးပွဲက နီးနေပြီမို့ ကြိုးစားပြီး စာလုပ်နေရသည်ကိုး။
နေ့နေ့ညည စာကြည့်စားပွဲမှာပဲ အချိန်ကုန်နေရတော့ တစ်ကိုယ်လုံးလည်း ညောင်းချိနေပါပြီ။
နောက်တစ်ပတ်ဆိုလျှင် စာမေးပွဲ ပြီးပြီမို့ နောက်တစ်ပတ်ကျော်မှပဲ စိတ်ကြိုက် လျှောက်လည်မည် တွေးသည်။
ရေခဲမုန့်လေး စားလိုက်ရတော့ စိတ်ထဲ လန်းဆန်းသွားသည်။
တကယ်ကိုပဲ ရေခဲမုန့်ဆိုရင်တော့ မက်မွန်သီးရေခဲမုန့်က အကောင်းဆုံးပဲပေါ့။