၁၇၃၆ခုနှစ်။ ရတနာပူရနေပြည်တော် အင်းဝမြို့သည် လူဖမ်းပွဲများ ခြိမ့်ခြိမ့်သဲကျင်းပနေသလို အော်ဟစ်ငိုယိုနေကြသည့်အသံများမှာ တစ်မြို့လုံးအနှံ့ ဆူညံမြည်ဟီးနေသည်။ ရတနာပူရရှိ ရွှေနန်းစံနန်းတော်၏အနောက်နန်းဆောင်တံခါးဝသို့ နန်းတွင်းရဲမက်များ ဘုရင့်အမိန့်ဖြင့် ရောက်ရှိလာသည်။
"ပုဂံမြို့စားမင်းသမီးအဆောင်ကို ဝိုင်းကြဟေ့၊ မင်းသမီးကို သင့်ရာကြေးတိုက်တော်မှာ ထားပြီး စိုးစဥ်းမျှ မခိုက်မိစေနဲ့၊ ပြီးလျှင် တစ်ဆောင်လုံးကို အမြစ်မကျန် မြေလှန် တူးရှာကြ”
လက်ရွေးငယ်မြင်းတပ်မှူး၏အမိန့်ဆုံး၌ ရဲမက်စစ်သည်များမှာ ပုဂံမြို့စားမင်းသမီးအဆောင်သို့ ဝင်ရောက်ကျူးကျော်ကြတော့သည်။
"မောင်မင်းတို့ ရာရာစစ ငါ့နန်းဆောင်ကို ဘာမှတ်နေသလဲ၊ အားလုံးကွပ်မျက်ပစ်ချေမယ်”
မင်းသမီးသည် ရွှေသလွန်ပေါ်မှ ထ၍ ရွှေလက်ကိုင်ရိုးဓားရှည်ကို ပြေးဆွဲတော့ အထိန်းတော်မယ်အုံနှင့်အပျိုတော်များမှာ ငိုယိုကာ မင်းသမီးခြေတော်ကို ပြေးဆွဲကြတော့သည်။
"စိတ်ထိန်းတော်မူပါဘုရား၊ ခိုက်မိပေလိမ့်မည်ပါ့၊ ဖဝါးနုနုနှင့် မအပ်ရာ ဓားကို ချတော်မူပါဘုရား”
"မယ်အုံ မယ်မင်းဖယ်စမ်း၊ ငါ့ဓားက သင့်လည်မျိုဖောက်ဝင်သွားလေမယ်”
"ဓားတော်နှင့် မအပ်စပ်ကြောင်းပါမင်းသမီး"
မင်းသမီးသည် သူမကို ဆွဲကာ တားနေကြသည့် အပျိုတော်များကို ခြေဖြင့် ဆောင့်ကန်ပစ်လိုက်ပြီး အထိန်းတော်မယ်အုံ၏လည်သို့ ဓားရွယ်လိုက်သည်။ အပျိုတော်များမှာ အလွန်ထိတ်လန့်သွားကြပြီး မယ်အုံမှာ မျက်ရည်ကျနေသည်။
"ထားရင်လည်းနေ သတ်ရင်လည်းသေရပါမယ်ဘုရား၊ မင်းသမီးက လက်ရွေးငယ်မြင်းတပ်မှူးကို ခုခံလျှင် ပုန်ကန်အမှု ဧကန်မြောက်ကာ ဘုန်းတော်ကြီးဘုရားရဲ့အမျက်တော်ပိုရှစေနိုင်ကြောင်းပါဘုရား”
မင်းသမီးသည် ခြေတော်ဆေးရန် ချထားသောအိုးကို အမျက်ထွက်စွာ ကန်လဲပစ်ပြီး ရွှေပန်းခက်များထိုးထားသည့် ကြွေထည်များကိုလည်း နန်းနံရံသို့ ပစ်ခွဲလေသည်။ ထိုစဥ် တပ်မှူးသည် အဲမောင်းလှံကိုင်စွဲကာ မင်းသမီး၏နန်းဆောင်သို့ ဝင်လာလေသည်။ ပြီးတော့ နန်းတော်ချိတ်တံဆိပ်နှိပ်ထားသည့် ထန်းဖူးရွက်စာကို ထောင်ပြလေ၏။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်