" Heat is the amount of energy transferred ဟဲ့ … ဟဲ့ နေကြဦး ။ ငါပြောစရာရှိတယ် "
စာစုကျက်နေရာမှ စကားဖြတ်ပြောလာတဲ့ မြူခိုးကြောင့် အားလုံးအသံတိတ်ကာ အာရုံစိုက်နားထောင်နေကြသည် ။ အရင်ပိတ်ရက်က ထန်းတောသွားမိတဲ့ အကျိုးဆက်ကြောင့် ပိတ်ရက်တိုင်း ဆရာ့အိမ်တွင် စာလာလုပ်နေရခြင်းဖြစ်သည် ။
" ညနေကျ ဟိုဘက်ရွာနဲ့ ငါတို့ရွာကြားက စေတီကိုမွန်းမံဖို့ အလှူခံဖွင့်မှာသိတယ်မလား "
" အင်း … သိတယ်လေ ။ အဲ့တာဘာဖြစ်လို့လဲ "
မြူခိုးစကားကို မေးခွန်းပြန်ထုတ်လိုက်သူမှာ ပါလေရာပုသေး သက်တံ့ရောင်နီ ဖြစ်သည် ။ ပုသလောက် ရှည်တယ်ဆိုတယ် ဆိုတာမျိုးပေါ့ ။
" ငါတို့ရွာက ဟိုဘက်ရွာထက် အလှူငွေနည်းလို့မဖြစ်ဘူးလေ ။ အဲ့တော့ ငါတို့လည်းသွား ကူညီပေးရအောင် "
ဒီကလေးမဟာလေ အိမ်ကြောက်ရလို့သာ တော်တော့သည် မပါတဲ့နေရာမရှိသလောက်ရှားသည် ။ ပြန်မပြောနားမထောင် လုပ်ချင်တာလုပ်တဲ့ လူစားမျိုးလည်းဖြစ်သည် ။
" အေး … သွားကြမယ်လေ ။ ဟိုဘက်ရွာက မယ်ပန်းချီတို့ အုပ်စုလည်း လာရင်လာမှာ "
မယ်ပန်းချီ ဆိုတာ အနောက်တောရွာသူကြီး သမီး ဖြစ်သည် ။ သူတို့အုပ်စုမှာ မိန်းကလေး သုံးယောက် ယောင်္ကျားလေး နှစ်ယောက် ပါသည် ။ သက်တံ့တို့နှင့် အရွယ်တူ ပြိုင်ဘက်တွေဆိုလည်း မမှားပေ ။
" ရဲရင့် ၊ ပန်းလှိုင် လိုက်မယ်မလား "
" အော် … မေးနေရသေးလား မြူခိုးမရယ် ။ ငါတို့အဖွဲ့ ဘယ်တုန်းက နှစ်ခါညှိရဘူးလို့လဲ "
ဟုတ်သည် ။ သူတို့အဖွဲ့မှာ ဘာပဲလုပ်လုပ် နှစ်ခါပြန်ညှိရတယ် မရှိ ။ တတောက်တောက် လမ်းလျောက်တတ်သည့် အရွယ်မှစခင်မင်ခဲ့ကြသည် ။ အရွယ်အားဖြင့်လည်း လပိုင်း ရက်ပိုင်းများသာ ကွာသည် ။ အဖွဲ့ထဲတွင် ရဲရင့်ကအကြီးဆုံးဖြစ်ပီး မြူခိုးက အငယ်ဆုံးလေးဖြစ်သည် ။ သက်တံ့ ၊ ပန်းလှိုင် နှင့် ငြိမ်းချမ်းကတော့ တလတည်းမွေးပီး ရက်သာကွာသည် ။
YOU ARE READING
Melody Of My Heart
Short Storyဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်