မလိခ၏ ချစ်ပုံပြင်

1.1K 52 19
                                    


မေလ၏ အေးစိမ့်သည့်နေ့တစ်နေ့

နွေကာလကြီး၌ပင် ပူတာအိုဒေသ၏ ရာသီဥတုက အေးမြနေ၏။

အပူချိန်ကြောင့် ဖုန်ကန်ရာဇီရေခဲတောင်၏ နှင်းရေခဲအချို့ အရည်ပျော်ကုန်ကြသည့်တိုင် ဝန်းကျင်တစ်ခွင်ထဲမူ ရေခဲဖွေးဖွေးဖြူသည့် နှင်းခဲများကသာ အပြည့်အဝလွှမ်းခြုံထားမြဲ။

ထိုအေးခဲနေသည့်  ဖုန်ကန်ရာဇီ၏ တောင်ခြေရေခဲကျယ်ပြင်ကြီး၌ကား အနည်းငယ်မျှသောလူအချို့က ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲနေကြလျှက်။

၎င်းလူစုစုသည်ကား ငြိမ်သက်စွာ စုဝေးနေကြခြင်းမျိုးမဟုတ်ဘဲ ရေခဲပြင်၌ ကုန်းကုန်းကွကွဖြင့် အလုပ်များနေလေသည်။

သေချာကြည့်ပါက ထိုသူတို့လက်ထဲ၌ ပေါက်ချွန်း၊ တူရွင်းစသည့် ချွန်ထက်သည့်ပစ္စည်းများကိုင်စွဲထားကြကာ ဖြူလွှလွှရေခဲပြင်အား အနည်းငယ်ဆွပေါက်နေကြကြောင်း တွေ့ရမည်ပင်။

ထိုသူများကား အခြားသူများမဟုတ်။

ကချင် ရေခဲတောင်၌သာရှိသော ဆေးဖက်ဝင်နာမည်ကြီးဆေးမြစ်များကို တူးဖော်ရှာဖွေနေကြသည့် ကချင်နွယ်ဖွား ပူတာအိုဒေသခံ ဂျိန်ဖော့၊ ရဝမ်၊ လော်ဝေါ်၊ လီဆူ၊ စသည့် တိုင်းရင်းသားများပေတည်း။

ပူတာအို ရေခဲတောင်သည်ကား ခမ်းတောက်မြစ်၊ ရှီးပဒီး၊ ရေခဲဂျင်ဆင်း၊ မချစ်ဥစသည့် တန်ဖိုးကြီးဆေးမြစ်များ ရှာဖွေရရှိနိုင်သည့် အဖိုးတန်နေရာပါပင်။

လက်ရှိ၌ သူတို့အဓိကရှာနေသည်မှာလည်း ဒေသအခေါ် တုံတင်ရုဖြစ်ကာ Cordycepsဟု နိုင်ငံတကာသိကြသည့်  ရှီးပဒီးဖြစ်လေသည်။

ယင်း ရှီးပဒီးကိုပင် မြန်မာတို့က ပိုးဆေးနွယ်ရှင် သို့မဟုတ် ဆောင်းပိုးနွေမြတ်ဟုလည်း သိကြလေသည်။

ပူတာအိုသည်ကား ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရန်ရာဇီ၊ မလိခမြစ်စသည့် သဘာဝအလှများဖြင့် နာမည်ကြီးသကဲ့သို့ ထိုဒေသထွက် ရှားပါးအဖိုးတန် ရှီးပဒီးကြောင့်လည်း ကျော်ကြားလေ၏။

ရှီးပဒီးဟူသည် မှိုစားခံရသည့်အင်းဆက်ပင်ဖြစ်ကာ ထိုအင်းဆက်သေဆုံးသည့်အခါ ကျန်ရှိသည့်ရုပ်ကြွင်းအား အာဟာရပြုကာရှင်သန်သည့် သက်ရှိနှင့်မှိုပင်ပေါင်းစပ်ထားသည့် ထူးဆန်းသောဖြစ်တည်မှုတစ်ခုပါပင်။

မလိခ၏ ချစ်ပုံပြင် / မလိခ၏ ချစ်ပုံပြင် (One shot )Where stories live. Discover now