မိုးသည် တဖျောက်ဖျောက်ရွာနေသည်။ ဘုရင်၊ မိဖုရားများအနားယူလေ့ရှိသည့် ယွန်းဆက်ဆောင်များ အစီအရီရှိသည့်အနက် မဏိဝါဆုရင်သည် မနော်ရမ္မာဥယျာဥ်တော်အနီး ယွန်းဆက်ဆောင်တစ်ဆောင်၌ ထိုင်၍ စာတော်ဖတ်နေသည်။ စာဖတ်ရင်း အဆောင်အပြင်မှ မိုးရေစက်များကို တစ်ချက်ချက်ငေးမောမိသည်။ ဤနေ့၌ မိုးမှာ တစ်နေ့ကုန် အစဥ်မပြတ်ရွာသွန်းနေ၏။ မိုးကြီးလျှင် ဧရာဝတီမြစ်ရေများ လျှံတက်လာတတ်သဖြင့် နန်းတော် မြေနိမ့်ပိုင်းများ၌ မိုးရေနှင့်မြစ်ရေပေါင်းကာ ဒူးအတိခန့်မြင့်တက်နေလေသည်။
"မိုးတွင်းဆိုလျှင် အင်းဝလည်း ရေကြီးတတ်ပါ့၊ ကျောက်ဖရားရော ဧရာဝတီလို ရေလွှမ်းနေမလားဟု အောက်မေ့မိပါတယ်ဘုရား”
မဏိဝါဆုရင် အသံလာရာကြည့်လိုက်တော့ မြင်းတပ်မှူးခွန်ရာက သူ့ကိုယ်ပေါ်၌ တွဲလဲခိုနေသည့် မိုးစက်များကို ခါချနေသည်။ မိုးကြီးလာ၍ တံစက်မြိတ်၌ မိုးခဏခိုပုံရ၏။ ဆုရင် သူ့ပါးကို ကြည့်တော့ နှုတ်ခမ်းမွှေးကားကားအထက်၌ ဓားခုတ်ရာအမာရွတ်ကြီးမှာ ထင်းနေပြီး အကျည်းတန်နေစေသည်။ မိုးမှာ သည်းသည်ထက်သည်းနေသဖြင့် ခွန်ရာက အဆောင်ပေါ်သို့ တက်လာပြီး ဆုရင်ရှေ့သို့ ဒူးတုတ်အခစားဝင်လာသည်။
"ဆုရင်တို့က ငယ်သူငယ်ချင်းတွေဆိုတာ သင်မေ့ပြီလားပါ့၊ ဤလို ဝပ်တွားခယရန် မလိုပေဘူး”
တပ်မှူးခွန်ရာက ဦးညွတ်ထားရာမှ ခေါင်းမော့ကာ ဆုရင်ကို နှမြောတသစွာ ကြည့်သည်။ လက်အုပ်ကတော့ ချီထားဆဲ။ ဆုရင် အသင့်ဆောင်ထားသည့်လိမ်းဆေးတစ်ဘူးယူ၍ ခွန်ရာကို ကမ်းပေးလိုက်သည်။ ခွန်ရာက လက်နှစ်ဖက်ဖြင့် ယူလေ၏။
"မဖုရားထံမှ သနားတော်မြတ်ခံရခြင်းအတွက် ကျွန်တော်မျိုးဂုဏ်ယူဝမ်းမြောက်ကြောင်းပါဘုရား”
"သင့်ဒဏ်ရာကို နေ့စဥ်လိမ်းပေးပါစ၊ အင်းဝမှ ပေးသည့်အနာများ ပျောက်ကင်းပါလျှင် နေမြဲအတိုင်း အင်းဝဘုရင်ကို သစ္စာခံ သွေးသောက်ကြီးအဖြစ်ခံယူ အမိမြေသဘောထား၍ တပ်မှူးရာထူးနှင့် ပျော်မွေ့နေပါလေ”
ဆုရင် ခပ်ရွဲ့ရွဲ့ပြောလိုက်တော့ တပ်မှူးခွန်ရာက ဆုရင်ကို ကြည့်လာသည်။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်