တစ်နေ့တာလုံးမှာ ညရှစ်နာရီဆိုတဲ့ အချိန်ရောက်ရင် ထယ်ယောင်း အရမ်းပျော်သည်။
ပျော်ရသည့်အကြောင်းရင်းက ခေါင်းရင်းအိမ်ရဲ့ လသာဆောင်မှတစ်ဆင့် ကြားရမည့် ဂီတာသံကအဓိကဖြစ်၏။ဂစ်တာကြိုးကို ဒင်ခနဲ အစပြုလိုက်သံနောက်မှာ ညီညာသော ဂီတသံစဉ်နဲ့အတူ ချိုမြမြအသံက သာသာယာယာလေး ပေါ်ထွက်လာသည်။
ဒါကြောင့် မိမိအခန်းရဲ့လိုက်ကာလေး ကိုအသာဟပြီး ထယ်ယောင်း တိတ်တိတ်ကလေး ချောင်းကြည့်လိုက်မိ၏။ဒီနေ့လည်း Hoodie ခေါင်းစွပ်ကိုဝတ်ထားသည့် သူဟာ ဂစ်တာကို ရင်မှာပိုက်ပြီး တီးလိုက်ဆိုလိုက်နဲ့ပါပဲ။သူ အစပြုသီဆိုလိုက်တဲ့ သီချင်းကိုလည်း ထယ်ယောင်းမှာ အကြိမ်ပေါင်းများစွာကြားဖူးပါလျက် ဒီအသံရဲ့ဆွဲဆောင်မှုအောက်မှာ ရုန်းမထွက်နိုင်ပါ။
ညရှစ်နာရီရောက်တိုင်း ထိုအသံကို အစကနေအဆုံးထိကြားချင်လွန်းတာမို့ ညစာကိုပင်အမြန်စားမိသည်။
ဒါကြောင့် မေမေ့ဆီကနေ အဆူခံရတာလည်း အကြိမ်ပေါင်းမနည်း...
အဲ့ဘက်အိမ်က ဂစ်တာတီးနေတဲ့ သူက ထယ်ယောင်းထက်ငယ်တယ်ဟု မေမေပြော၍ သိထားသည်။
ဒါပေမယ့်လည်း ကျွန်တော့်ထက်ပိုထွားနေတဲ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် မသိရင် သူက ကျွန်တော့်ထက် အသက်ပိုကြီးတယ်လို့တောင် ထင်မိမှာအမှန်ပဲ။ပြီးခဲ့တဲ့ မိုးရာသီလောက်မှာ သူတို့မိသားစုက ဒီဘေးအိမ်ကို ဘူဆန်ကတစ်ဆင့် ပြောင်းလာကြတာ...
ပြီးတော့ သူက အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်တာတဲ့လေ။အထက်တန်းကိုလည်း ထယ်ယောင်း တို့ကျောင်းမှာပင်တက်မည်ဟု သိထားတယ်။ဒါဆို ကျောင်းမှာလည်း မကြာခနဆုံဖြစ်တော့မယ်ဟု တွေးမိရင်း ထယ်ယောင်းရင်ထဲ ပျော်မိသွားသည်။သူကကျွန်တော့်ထက်ငယ်တာမို့ အတန်းတော့တူမှာမဟုတ်။ဒါတွေကို ကျွန်တော်သိနေတာက မေမေဟာ အဲ့ဒီဘက်အိမ်က အန်တီနဲ့ရင်းနှီးတာမို့ပဲ။
ကျွန်တော်ကတော့ ညတိုင်း ဒီအခန်းလေးကနေ သူ့ကိုခိုးခိုးကြည့်တာပဲ လုပ်နိုင်သည်။ချိုမြမြ သီချင်းဆိုသံက ဆက်လက် ထွက်ပေါ်နေဆဲ...
မသိမသာချောင်းနေရင်းကနေ သူ့ရဲ့အကြည့်တွေ ဖျတ်ခနဲ ထယ်ယောင်းထံ ဦးတည်လာချိန်မှာတော့ လိုက်ကာလေးကို အလျင်အမြန်ပဲဆွဲပိတ်လိုက်မိတယ်။