"လက်တေးတစ်ခွက်ပေးပါဗျ''
နားစည်ထဲ သြဩဩရှရှအသံက ကော်ဖီဆိုင်ထဲမှာ ပျံ့လွင့်နေတဲ့ စန္ဒရားသံလွင်လွင်ကို ဖုံးအုပ်သွားသလိုမျိုး။ ကော်ဖီနံ့သင်းသင်းရနေတဲ့လေထုထဲမှာ လူတစ်ယောက်ရဲ့ကိုယ်သင်းနံ့က တစ်စတစ်စနှာဝနား ကပ်ငြိလာတယ်။
နှစ်အတော်အတန်ကြာ ရင်းနှီးတိုးဝင်ခဲ့ဖူးတဲ့ သည်ရနံ့။ အထိတ်တလန့်မော့ကြည့်မိတော့ စူးတက်လာတဲ့ နှာသီးဖျားနဲ့အတူ ဝေ့တက်ချင်နေတဲ့မျက်ရည်ကြည်တွေကြောင့် အောက်နှုတ်ခမ်းကိုပဲ နာနာဖိကိုက်လိုက်ရသည်။
နီးကပ်ခဲ့ဖူးတုန်းကလို မျက်ဆံနက်နက်တွေရဲ့အကြည့်ကိုရထားတဲ့အချိန် တလောကလုံးကိုအပိုင်စားရထားသလိုမျိုး ခံစားနေရပါသေးတယ်။
ဇာတ်သိမ်းပြီးသွားတဲ့ဇာတ်လမ်းတစ်ပုဒ်လို ပြတ်ဆဲသွားတဲ့ဆက်ဆံရေးက နှစ်နှစ်တောင်ကြာခဲ့ပြီမဟုတ်လား။ မမေ့နိုင်တာမျိုးမဟုတ်ပဲ ခံစားချက်တွေကအနည်ထိုင်ကာစရှိနေသေးရုံပါ။ ကော်ဖီဆိုင်မကျဉ်းမကျယ်ထဲက အောက်ဆီဂျင်တွေလုယူထားသလို သူ။
''နေကောင်းရဲ့လား နောင်''
ခပ်ရှရှအသံကိုကြားလိုက်ရပြန်တော့လည်း သွေးတွေအထက်အောင်စီးနေသလိုမျိုး ခံစားရပြန်ပါတယ်။ ခပ်ပြေပြေပြန်ပြုံးပြရင်း ရောပြွန်းနေတဲ့ခံစားချက်တွေကို ခဲရာခဲဆစ်ဖုံးဖိထားရတယ်။
''နေကောင်းပါတယ်''
သူ့ပုံစံအတိုင်း အေးအေးဆေးဆေးရှိလွန်းလှသည်။ ဒီလိုအပြုအမူမျိုးနဲ့ မထူးမဆန်းကိုရင်းနှီးနေသေးတာပဲ။
''လက်တေးတစ်ခွက်ပေးပါ"
''ပါဆယ်လားဗျ"
''ဆိုင်ထိုင်မှာပါ''
''လာပို့ပေးပါ့မယ်''
''အင်း''
အမြဲတမ်းသူထိုင်နေကျ ပြတင်းပေါက်နဲ့နီးတဲ့ဝိုင်းကိုပဲ ရွေးထိုင်သည်။ ပိုင်ရှင်နှင့်နေရာက ဘယ်အချိန်ဖြစ်ဖြစ် အံဝင်ခွင်ကျပါပဲ။ နှစ်နှစ်အကြာပြန်မြင်ရပြန်တော့ ခပ်ဖွဖွပြုံးမိရုံသာ။
အလုပ်အဆင်ပြေတယ်ထင်ပါတယ်။ မျှော်လင့်ချက်မပျောက်တဲ့မျက်ဝန်းတွေ။ တကယ်စိတ်ချချင်စရာကောင်းလွန်းပါတယ်။ ဇာတ်ညွှန်းရေးဆရာအလုပ်ကို ဝါသနာအရရွေးချယ်ခဲ့သည့်အလုပ်မလို့ ပုံမှန်ထက်စိတ်ရောကိုယ်ပါအားကုပ်အားခဲကြိုးစားရမည်ဟုပြောဖူးသည်။ နောင့်အဖို့ သူဖန်တီးတဲ့ show တွေက ပျော်ရွှင်မှုပါ။