ဖဝါးထက်က ပုလဲသွယ် (၆)

1.3K 239 4
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၆)
________

ရေယူဖို့ထွက်လာသည့် အစေခံတစ်ယောက်က ယဲ့ကျာ့ယိုနှင့် ယဲ့ဖူအန်းကို မြင်တော့ ခပ်သွက်သွက်ပဲ အထဲသို့ လှမ်းအော်လိုက်သည်။ “သခင်ကြီးနဲ့ သခင်လေး ရောက်လာပြီ”

ထိုအစေခံက ပြောရင်းဆိုရင်းအထဲသို့ပြေးဝင်သွားသည်။

ယဲ့လီကျူးကလည်း အခုမှနိုးကာ ဆန်ပြုတ်သောက်နေချိန် ဖြစ်သည်။ သူမ လက်ဖက်ရည် သောက်နေတုန်း သူမအဖေနှင့် မောင်လေးဝင်လာတာ ဖြစ်သည်။

ယဲ့ဖူအန်းက ယဲ့ကျာ့ယိုကိုဆွဲထားသည်။ “မင်းအစ်မက နုနုလေး။ သူ့ကို ပြဿနာသွားမရှာရဘူးနော်”

ယဲ့ကျာ့ယိုက ယဲ့ဖူအန်းမှနေ၍ မ‌ဟော်ဂနီရောင်တံခါးဝိုင်းကို ဖြတ်သန်းခဲ့သည်။ အစိမ်းရောင် ကန့်လန့်ကာ အကျော်၌ အစိမ်းနုနုလေး ဝတ်ထားသော မိန်းကလေးတစ်ဦးက အစေခံနှစ်ယောက်ခြံရံကာ လာနေသည်။

သူမက ယဲ့လီကျူးပင်။

ယဲ့လီကျူးသည် ပထမဆုံးသူမအဖေကို ကြည့်ပြီးနောက် ယဲ့ကျာ့ယိုကို ငုံ့ကြည့်လိုက်သည်။ “ဒါ ကျာ့ယိုလား”

ယဲ့ဖူအန်းက ယဲ့ကျာ့ယိုကို တွန်းလိုက်သည်။ “မမလို့ခေါ်လိုက်လေ”

ယဲ့ကျာ့ယိုက သူ့အစ်မပုံကို အမြဲစိတ်ထဲတွင် တွေးနေမိခဲ့သည်။ သူမ ပုံတူကို တိတ်တိတ်လေးတောင် ဆွဲထားလိုက်‌သေး၏။ သူမြင်ဖူးသည့် အလှဆုံးမိန်းမဆိုတာ မိဖုရားခေါင်ကြီးတစ်ပါးသာ ရှိသည်။ ယဲ့ကျာ့ယို ထင်ခဲ့သည်က သူ့အစ်မသည်လည်း မိဖုရားခေါင်ကြီးလို ကျက်သရေရှိကာ လှပလိမ့်မည်ဟူ၍။ အခု သူယဲ့လီကျူးကို မြင်လိုက်သည့် အချိန်တွင်တော့ အစ်မလုပ်သူက မိဖုရားခေါင်ကြီးထက်‌တောင် ပိုလှနေကြောင်း သိလိုက်ရ‌တော့သည်။
သူအရင်က စိတ်တောင်မကူးမိခဲ့သည့် အလှတရားမျိုးဖြစ်သည်။

ယဲ့လီကျူးက သူ့မောင်လေးကို ဆွဲကာ ပါးလေးကို ပွတ်သပ်လိုက်သည်။ “ငါ့မောင်လေးက အရပ်အရှည်ကြီးနဲ့ ထွားလိုက်တာ”

ယဲ့ကျာ့ယိုက ယဲ့လီကျူး ပခုံးနားလောက်အထိ အရပ်ရှည်နေလေပြီ။ သူ့အစ်မကို သူမော့ကြည့်လိုက်သည်။

သူမမိခင်ဖြစ်သူအကြောင်းကို ပြန်တွေးမိတော့ ယဲ့လီကျူးမျက်လုံးများ နီရဲလာရသည်။ အိမ်တော်ကို ပြန်ရောက်ရောက်ချင်း သူမအဖေနှင့်မောင်လေးကို တွေ့ခွင့်ရသော်လည်း သူမ အမေကိုတော့ ဘယ်တော့မှ တွေ့နိုင်တော့မည်မဟုတ်ပေ။

သူမမောင်လေးနှင့် အဖေ့ရှေ့တွင်တော့ သူမ အမေအကြောင်းကို ပြောပြီး ဝမ်းနည်းသွားအောင် မလုပ်ချင်ပေ။

ယဲ့လီကျူးက မျက်ရည်တွေ သုတ်ကာ ပြောလိုက်သည်။
“မမက မင်းကို အတော်ကြီးမှပဲ တွေ့ရတော့တယ်ကွယ်”

သူ့ အစ်မငိုတာမြင်တော့ ယဲ့ကျာ့ယိုလည်း စိတ်ထိခိုက်ရသည်။

ယဲ့လီကျူးက သူနှင့် မရင်းနှီးဘဲ သူ့ကိုစိမ်းနေမှာကို သူကြောက်နေခဲ့သည်။ အခုတော့ ယဲ့လီကျူးပုံစံနှင့် သူမမျက်လုံးတွေကို တွေ့လိုက်ရတော့ မောင်လုပ်သူကို ချစ်သည့်အကြောင်း ယဲ့ကျာ့ယို သိသွားလေပြီ။

ထို့အပြင် ယဲ့လီကျူး၏ချစ်ခြင်းက ကိုယ်လုပ်တော်သုံးပါးနှင့်မတူ။ သူမအချစ်က နှလုံးသားမှ လာခြင်းဖြစ်သည်။
ယဲ့ဖူအန်းက ယဲ့ကျာ့ယိုကို ပြန်ဆွဲသွား၏။ “မင်းမမက အားနည်းနေတာ။ သူ့ကို တအားဖက်မထားနဲ့”

ယဲ့လီကျူးက ယဲ့ကျာ့ယိုဆံပင်လေးကို သပ်ပေးလိုက်သည်။ “ရပါတယ် အဖေရဲ့။ သမီးမောင်လေးကို မြင်ရတာနဲ့တင် ဝမ်းသာနေပါပြီ”

ယဲ့ဖူအန်းက သမီးလုပ်သူကို အိပ်ရာထချိန် ဆေးသောက်ပြီးပြီလားဟုမေးမြန်းသည်။ ထို့နောက် သူ့သားဘက်သို့ လှည့်ကာ “ကဲ မင်းအစ်မကို မနက်ဖြန်ကျောင်းသွားခါနီးမှ လာတွေ့တော့။ အဖေတို့ပြန်ကြစို့ မင်းအစ်မ နားရဦးမယ်”

ယဲ့ကျာ့ယိုက ယဲ့လီကျူးနှင့် မခွဲချင်ပေ။ “သား ဒီနေ့ ဒီမှာအိပ်မှာ”
တကယ်တော့ ယဲ့ကျာ့ယိုက ငယ်သေးသည်မို့ မောင်နှမကြား လောကဝတ်များ အရမ်း စောင့်ထိန်းစရာ မလို‌ပေ။နှစ်ဦးသား ချစ်ခင်နေတာကို မြင်တော့ ယဲ့ဖူအန်းလည်း သူ့သားကို ပြဿနာမရှာဖို့မှာပြီး ထားခဲ့လိုက်တော့သည်။
ယဲ့ဖူအန်းထွက်သွားတာနှင့် ယဲ့ကျာ့ယိုက သူ့အင်္ကျီလက်ထဲက မုန့်ထုပ်တွေ ထုတ်တော့သည်။

“ကျူးကျူး ကျွန်တော်ဒီနေ့ မိန်းမစိုးတစ်ယောက်ကို ကိုယ်လုပ်တော်ရှန်း အဆောင်ကို သွားခိုင်းထားတာ။ အဲ့အဆောင်က မားမားတစ်ယောက်လုပ်တဲ့ စွန်ပလွံမုန့်က တကယ်ကောင်းတယ်။ စွံပလွံသီးကလည်း ကျွန်တော်တို့နိုင်ငံက မဟုတ်ဘူး။ အနောက်မြောက်ဘက် ကန္တာရနိုင်ငံလေးတစ်ခုက လာတဲ့အသီး။ အရမ်းချိုတယ်”

တော်ဝင်ကိုယ်လုပ်တော်များအတွက်တော့ ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ရှိတတ်သည်။ ကိုယ်လုပ်တော်ရှန်းက မင်းသားချန်၏ညီမ ဖြစ်သည်။ ယဲ့ကျာ့ယိုနှင့် မင်းသားချန်၏သားဖြစ်သူ တောက်ဟန်ဝမ်က သူငယ်ချင်းတွေဖြစ်သည့်အပြင် နှစ်ဦးသားက စကားချိုသည်မို့ ဘုရင်မင်းမြတ်က ထိုနှစ်ယောက်ကို နန်းတော်ထဲဝင်ထွက်ခွင့်ပေးထားသည်။ သူတို့နန်းတော်ထဲရောက်တိုင်း ကိုယ်လုပ်တော်ရှန်းဆီက မုန့်တောင်းစားကြသည်။

ထိုစဉ်အပြင်က မားမားချန်က အလောတကြီးဝင်လာ၏။ “သခင်မလေးက ညပိုင်းမှာဒါတွေစားလို့မရဘူးလေ။ ရင်ပူလိမ့်မယ် သခင်လေးရဲ့။ သခင်မလေးကို အတင်းမကျွေးရဘူး”
ယဲ့လီကျူးကအပြုံးလေးနှင့်ပြောလိုက်သည်။ “နောက်ကျနေပြီ မားမား သွားနားတော့လေ။ ကိုယ့်ဟာကိုယ် ဂရုစိုက်လိုက်ပါ့မယ်”

ယဲ့ကျာ့ယိုက မေးလာ၏ “ကျူးကျူးက ကိုယ်စားချင်တာ စားလို့မရဘူးလား”
ယဲ့လီကျူးက ခေါင်းခါ၏။ “ပြဿနာမရှိပါဘူး။ နည်းနည်းပဲစားလိုက်မယ်။ မောင်လေးက စားစေချင်လို့ သေချာယူလာပေးတာပဲ။ အစ်မက စားရမှာပေါ့”

သူမက စွန်ပလွံမုန့်လေးတစ်ခုကို ယူလိုက်သည်။ မုန့်က အဝိုင်းလေးဖြစ်ကာ အလွှာပါးလေးတွေနှင့် လုပ်ထားသည်။ ယဲ့လီကျူးက သေချာလေးတစ်ကိုက် ကိုက်လိုက်၏။
အရသာက အ‌တော်လေးကောင်းသည်။ ချိုသော်လည်း ချိုရဲရဲကြီးဖြစ်မနေ။

နှစ်ကိုက်ခန့် ကိုက်ပြီးတော့ သူမ လက်ဖက်ရည်နည်းနည်းသောက်လိုက်သည်။
“ဒီနေ့နန်းတော်ထဲ သွားတယ်ဆို ဘာတွေစိတ်ဝင်စားစရာဖြစ်ခဲ့သေးလဲ”

အစကတော့ သူ့အိမ်စာတွေအကြောင်း သူ့အစ်မကမေးမှာကို ယဲ့ကျာ့ယို စိုးထိတ်နေခဲ့သည်။ ဒီလိုကိစ္စမျိုးကို ယဲ့လီကျူးမေးလိမ့်မယ်ဟုတော့ သူထင်မထားမိခဲ့ပေ။

နှစ်ဦးသားခုံပေါ်တွင် ထိုင်နေရင်း မားမားချန်ပြောသွားသည်ကို သတိရသွားတာမို့ ယဲ့ကျာ့ယိုက သူ့အစ်မကို မုန့်တစ်ခုပဲ စားခိုင်းပြီး ကျန်တာတွေ ဘေးပို့လိုက်သည်။

ယဲ့ကျာ့ယိုက ဖြေ၏။ “ဒီနေ့ကျွန်တော် မင်းသားချင်နဲ့တွေ့ခဲ့တာ။ မင်းသားချင်က သိပ်ချောတာပဲ။ အိမ်‌ရှေ့မင်းသားကလည်း အတော်လေးကိုလှတယ်။ တခြားလူတွေ အိမ်ရှေ့မင်းသားကို ချီးကျူးတာ မဆန်းတော့ဘူး။ မင်းသားချင်ရဲ့ဘေးမှာရပ်နေတာ သိပ်တင့်တယ်တာပဲ။ ကျွန်တော်တောင် ငေးယူရတယ်။ သူတို့‌နောက်ရက်ကျ အိမ်တော်ကိုလာဦးမှာပါ။ အဲ့ကျမှ ကျူးကျူးကို ကျွန်တော်ချောင်းကြည့်ခိုင်းမယ်”

ယဲ့လီကျူးမျက်လုံးတွေထဲက အပြုံးတွေကို ဖုံးကွယ်မရပေ။
“သူတို့ နောက်နေ့ အိမ်တော်ကို လာမဲ့အကြောင်းမင်းဘယ်လိုသိလဲ”

ယဲ့ကျာ့ယိုက အခိုင်အမာကိုပြောနေသည်။ “ကျွန်တော့်ကိုယုံ သူတို့သေချာပေါက်ရောက်လာမှာ”

သူကြိုသိပြီးသား။ ဒီတစ်ခေါက် မင်းသားချင်မြို့တော်ကို ရောက်နေမှတော့ ယဲ့ဖူအန်းကို သိမ်းသွင်းနိုင်မည့် အခွင့်အ‌ရေးကို လက်လွှတ်လိမ့်မှာမဟုတ်။ ဒီနေ့ သူ့ကို စကားလာပြောတာကိုက သက်သေတစ်ခုပင်။

ယဲ့ကျာ့ယိုက တစ်ခုကို သတိရသွားသည်မို့ သူ့အင်္ကျီလက်ထဲတွင် လက်ကိုင်ပဝါနှင့်ထုတ်ထားသော စန္ဒကူးလက်ပတ်လေးကို ထုတ်လိုက်သည်။

ယဲ့ကျာ့ယိုက ပြောလိုက်သည်။ “ဒီနေ့ မင်းသားချင်က ကျွန်တော့်ကို ပေးခဲ့တာ။ ကျူးကျူးကလည်း ပုတီးလေး ဒါကလည်း ပုတီးလေး”
ယဲ့လီကျူးက သူ့မောင်၏ ခေါင်းလေးကို ညင်သာစွာ ပုတ်လိုက်သည်။ “မမလို့ခေါ်ရမယ်လေ”

ကျူးကျူးက ဒါမျိုးတွေ အာရုံစိုက်တတ်သလားဟု တွေးမိသွားသောကြောင့် သူအမြန်ပဲ ပြောလိုက်၏။
“အဖေက ကျူးကျူးလို့ခေါ်တော့ ကျွန်တော်လည်းခေါ်ချင်လို့”

ယဲ့လီကျူးတကယ်တော့  အခေါ်အဝေါ်တွေကို ဂရုမစိုက်ပါ။
သူမက ပြောလိုက်၏။ “ဒါဆို မမ‌နဲ့နှစ်ယောက်တည်းရှိမှခေါ်။ အဖေ့ရှေ့သွားခေါ်ရင် အဆူခံရလိမ့်မယ်”

ယဲ့ကျာ့ယိုက ပြုံးပြီးခေါင်းညိတ်ပြသည်။ “သိပါပြီ”

ထိုစန္ဒကူးလက်ပတ်လေးက လူတွေကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ယဲ့လီကျူး တွေးမိသည်။ ပုတီးစေ့တွေက အရောင်တောက်နေ၏။ ကြည့်ရတာ သခင်ဖြစ်သူက သူတို့ကို အတ်ေလေး တန်ဖိုးထားသည်ထင်သည်။

ယဲ့ကျာ့ယိုက ပြော၏။ “ကျူးကျူး ဒါကိုခေါင်းအုံးဘေးထားအိပ်ပါလား။ ကျွန်တော်ကြားဖူးတာ‌တော့ စန္ဒကူးနီက အာရုံကြောတွေကို ငြိမ်သက်စေပြီး ကောင်းကောင်း အိပ်ပျော်စေတယ်တဲ့။ ကျူးကျူး ညကို ကောင်းကောင်းအိပ်လို့ရတာပေါ့”

ယဲ့လီကျူးက ခေါင်းညိတ်၏။
ယဲ့ကျာ့ယိုက စကားအနည်းငယ်ပြော ပြီးတော့ သူမအတန်ငယ်ငိုက်မျည်းလာသည်မို့ အနောက်သို့ မှီချလိုက်၏။ သူမ ဟန်တောင်မဆောင်နိုင်တော့ပေ။

ယဲ့လီကျူး၏ ခန္ဓာကိုယ်က အားနည်းကာ အလွယ်တကူ အိပ်နိုင်သည်။ ယဲ့ကျာ့ယိုက ပြောလိုက်သည်။

“ကျူးကျူးအိပ်ချင်နေပြီလား လူတွေ အိပ်ရာပြင်ပေးတာကို စောင့်လိုက်နော်။ ကျွန်တော်ကတော့ မနက်ကျ ကျောင်းသွားမှာမို့ အပြင်မှာ အိပ်လိုက်မယ်”
ယဲ့လီကျူးက အင်းခနဲ အသံပြုလိုက်သည်။

ယဲ့ကျာ့ယိုထွက်သွားတော့ မားမားတစ်ယောက်ဝင်လာပြီး အိပ်ရာပြင်ပေးသည်။ ထို့နောက် သူမချောင်းဆိုးလာသည်မို့ လက်ကိုင်ပဝါ အုပ်ဆိုးလိုက်၏။ ထို့နောက် လက်ကိုင်ပဝါကို ကြည့်လိုက်တော့ ရဲရဲနီသော သွေးများ။
သူမလက်တစ်ဖက်က လက်ပတ်လေးကို ကိုင်ထားလိုက်တော့ နေရတာ သက်သောင့်သက်သာ အနည်းငယ်‌တော့ ဖြစ်လာသည်။

သူမခန္ဓာကိုယ်က အလုပ်မလုပ်တော့ပေ။ သူမအချိန်တိုင်း ချောင်းဆိုးနေပြီး ချောင်းမဆိုးလျှင် သွေးအန်သည်။

သူမ ဒီနှစ်ကိုတောင် ကျော်နိုင်ပါ့မလားဟုတွေးနေမိသည်။

ယဲ့ကျာ့ယိုကတော့ ခြေလက်ဆေးကာ အိပ်ရာဝင်ခဲ့သည်။ သို့သော် မျက်နှာကြက်ကိုကြည့်ရင်း သူစိတ်လှုပ်ရှားနေမိသည်။
နောက်ဆုံးတော့ သူ့အစ်မအရင်းကို တွေ့ရပြီ။ မတွေ့ခင်ကတော့ သူမကို ပြီးပြည့်စုံသူတစ်ဦးအဖြစ် စိတ်ကူးယဉ်ခဲ့ပြီး တကယ်တွေ့ရသည့်အခါမှာတော့ ညင်သာသော အသံ နူးညံ့သောစိတ်ထားလေးနှင့် လူတိုင်းရင်ကို နွေးစေခဲ့ပြီး သူထင်ထားတာထက်‌တောင်ပိုပြီး ပြီးပြည့်စုံနေသေးသည်။
...

အိမ်တော်ထဲတွင် မီးများတစ်ညလုံးထွန်းထား၏။ ထိုအိမ်တော်တွင် အတန်ကြာအောင်လူမနေခဲ့သာ်ငြား အဆောက်အဦပုံစံမှာ ထူးခြားလှကာ သစ်လွင်တောက်ပနေသည်။
မြို့တော်ထဲက လူတွေက အမြဲသန့်ရှင်းရေးလုပ်ပြီး ထိုအိမ်တော်တွင်တချို့က အိမ်စောင့်လုပ်ကာ ဂရုစိုက်ပေးကြသည်။ အခု မင်းသားချင် မြို့တော်ကိုလာတော့ အိမ်ရှေ့မင်းသားက လူတချို့ကို ပို့ပေးထားသေးသည်။ မင်းသားချင်ကြောင့်အိမ်တော်တစ်ခုလုံး သက်ဝင်လှုပ်ရှားသွား၏။

စာကြည့်ဆောင်တွင်....
ရွှေရောင်စားပွဲဘေးတွင်တိရှောင်းက ထိုင်နေပြီး စားပွဲပေါ်တွင်လည်း စာခုနစ်စောင် ရှစ်စောင်က ပျံ့ကြဲနေ၏။ ထိန်ထိန်ငြီးသော မီးရောင်က နေ့အလင်းရောင်သဖွယ်။

ထိုစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်လာသည်မို့ သူက လက်ထဲက မှင်တံကိုမချဘဲ အေးစက်စွာ ပြောလိုက်သည်။ "ဝင်ခဲ့"
အနက်ရောင်၀တ်အမျိုးသားက ခပ်သွက်သွက်ပဲ လျှောက်လာသည်။ သူ ခပ်လှမ်းလှမ်းတွင် ဒူးထောက်ထိုင်ချလိုက်သော်လည်း ဝါးကန့်လန့်ကာကြောင့် အရှေ့ကို မမြင်ရပေ။

ထိုသူက ဆို၏။
"ယဲ့အမတ်ချုပ်ကြီးအိမ်တော်ကို ညမှာပဲ ဝင်လို့ရခဲ့ပါတယ်။ အစောင့်အရမ်းထူပြီး အတွင်းဆောင်တွေရဲ့ အစောင့်တွေကလည်း အတော်များပါတယ်။ အဆောက်အဦပုံစံကလည်း အတော်လေး မျက်စိလည်ချင်စရာပါပဲ။ အမတ်ချုပ်ယဲ့ရဲ့ ကိုယ်လုပ်တော်နှစ်ယောက် စကားပြောတာကို ခိုးနားထောင်ပြီး ကြားခဲ့တာမို့ ကျွန်တော်မျိုး ယဲ့သခင်မလေးရဲ့နာမည်ကိုသိခဲ့ရပါပြီ"

အင်းလေ အမတ်ချုပ်အိမ်တော်ပဲဟာ။ တော်ရုံကျွမ်းကျင်သူတစ်ယောက် ဝင်နိုင်လောက်တဲ့အနေအထားပဲ ရှိနေရင် အမတ်ချုပ်ယဲ့ အသက်ပျောက်နေတာ ကြာလောက်ရောပေါ့။
တိရှောင်းက မေးလိုက်သည်။
"ဘယ်သူတဲ့လဲ"

၀တ်စုံနက်က ပြန်ဖြေ၏။ "ယဲ့လီကျူးပါ"
အမတ်ချုပ်ကြီးက ရတနာလေးကို သံကွန်ချာ ခုနစ်ထပ် ကာထားတာပဲ။ မင်းသားချင်က ခေါင်းညိတ်လိုက်၏။

"ယဲ့လီကျူး"
တိရှောင်းက မှင်တံကို ချပြီး ခေါင်းညိတ်သည်။

'အမတ်ချုပ်ကြီးက သူ့သမီးကို အတော်တန်ဖိုးထားပုံပဲ'
သံကွန်ချာခုနစ်ထပ် ကာထားဖို့ဆိုတာလည်း လွယ်တာမဟုတ်။ ယဲ့ဖူအန်းက လီကျူးဆိုသော အမည်ကို ပေးရခြင်းမှာလည်း သူအတော်လေးတန်ဖိုးထားလွန်း၍သာ ပေးခြင်းဖြစ်သည်။
ဝတ်စုံနက်က ဆက်ပြောသည်။

"ကြည့်ရတာ အမတ်ချုပ်ယဲ့ ပြောတာ မှန်ပုံပဲ။ ယဲ့သခင်မလေးရဲ့ ခန္ဓာကိုယ်က အတော်လေး မကျန်းမာဘူးတဲ့။ ကိုယ်လုပ်တော်တွေ ပြောတာတော့ ဒီတစ်ခေါက် အမတ်ချုပ်ကြီးယဲ့က သူ့သမီးကို ဘုရားကျောင်းကနေ ပြန်ခေါ်လာရတဲ့အကြောင်းအရင်းက အပြင်မှာသေဆုံးသွားမှာစိုးလို့တဲ့”

တိရှောင်းက ရုတ်တရက် တောင့်တင်းသွားသည်။

ဟိုရက်က ယဲ့လီကျူးကို သူတွေ့လိုက်တုန်းကလည်း အတော်လေး နွမ်းနယ်နေပုံရကာ လေတိုက်တာနှင့် လွင့်သွားတော့မည့် ပုံစံလေးပင်။

သို့သော် ယဲ့အိမ်တော်က ကိုယ်လုပ်တော်တွေကတော့ အတင့်ရဲလွန်းသည်။ အစေခံအနေအထားနှင့်တောင် သခင့်အကြောင်းကို အာချောင်ရဲကြသည်။

တိရှောင်းက ရုတ်တရက် ထပြော၏။
"ဒီမင်းသားရဲ့ ခါးက ရတနာဓားရဲ့နာမည်ကို မင်းသိလား"
တိရှောင်း၏ ကမ္ဘာပေါ်တွင် ပထမတန်းစားဓားဖြစ်သည့် ရွှေနက်ရောင်ဓား၏ အမည်မှာ ကျုံးယွင် ဖြစ်သည်။ ကျုံးယွင်ကိုမြင်ရတာ တိရှောင်းကို မြင်ရတာနှင့် အတူတူပင်။ သူ့နားကလူတွေက ဒါကို မသိဘဲ ဘယ်နေပါ့မလဲ

"ဓားနာမည်က ကျုံးယွင်ဆိုတာ ဒီတပည့်သိပါတယ်"
တိရှောင်းက ခေါင်းညိတ်ကာပြောလိုက်သည်။ "မင်းသွားလို့ရပြီ''

ဝတ်ရုံနက်က အပြင်ရောက်တာနှင့် ဇဝေဇဝါတွေ ဖြစ်လာသည်မို့ ချက်ချင်းပဲ စစ်သူကြီးရှုထံသို့ သွားမေးတော့သည်။

ရှုတာ့က သက်လတ်ပိုင်းအရွယ်လူကြီးဖြစ်ကာ မုတ်ဆိတ်မွေးနှင့် သာသာယာယာပင်။
သူ ထိုစကားကိုကြားတော့ လက်ကိုတစ်ချက်ကြည့်လိုက်သည်။

"ကျုံးယွင်က မျက်စိပျောက်နေတာ။ သူ့မျက်စိက လိလုံပုလဲပဲ။ အရှင့်သားပြောတာ မင်းနားမလည်ဘူးလား"

သူ ချက်ချင်းနားလည်သွား၏။
"ဒါ ဒါပေမဲ့ မင်းသားက အိမ်ရှေ့မင်းသားကို လက်ထပ်စေဖို့ လုပ်ထားခဲ့တာမလား"
ရှုတာ့က သူ့လက်ကို ရိုက်လိုက်၏။
"အရူးကောင် အရင်တွေ့တဲ့သူက အရင်ပိုင်မှာပဲကွ"
...

ဖဝါးထက်က ပုလဲသွယ် [MM translation]Место, где живут истории. Откройте их для себя