[Zawgyi]
အသက်ကိုနှင်း၍ချစ်ပါသည်..မောင်"မောင် ပြန်လာပြီ"
မောင့် ကားသံကြားသည်နှင့် ကျွန်မ နောက်ဖေးအုတ်ကန်တွင် အဝတ်လျှော်နေရာမှ ကမန်းကတန်းထွက်ကြိုလိုက်သည်။
"မောင် မမ ကိုပေး"
မောင့်ထံမှ အိတ်ကလေးကိုကျွန်မလှမ်းယူတော့ မောင်က ကျွန်မလက်ကိုပုတ်ထုတ်၏။ ကျွန်မကို ဒေါသတကြီးကြည့်ကာ အိမ်ပေါ်တက်သွားလေသည်။
မောင် ဟုခေါ်နေသော်လည်း ကျွန်မ၏ကြင်သူမှာ မိန်းကလေးတစ်ယောက်။ အသက်၁၈နှစ်သာရှိသေးပြီး ကျွန်မထက် ၈နှစ်တောင်ငယ်သူ။
ကျွန်မတို့၂ယောက်လက်ထပ်ခဲ့တာ ၆လကျော်ပြီ။ ခို ၆ လကျော်အတွင်းမောင့်ထံမှငြိုငြင်မှု မျိုးစုံကိုကျွန်မကြုံခဲ့ရ၏။ သို့သော် ကျွန်မ မောင့်ကိုစိတ်မဆိုးမိပါ။ ကျွန်မ မောင့် ကိုချစ်သည်။
မောင်ကတော့ ကျွန်မကိုမချစ်သည့် အပြင်မုန်းပါမုန်း၏။ ကျွန်မ ကျလုနီးနီးမျက်ရည်တို့ကိုထိန်းကာ မောင့် နောက်လိုက်ခဲ့သည်။
"မောင် ဗိုက်ဆာနေပြီလား မမထမင်းခူးပေးရမလားဟင်"
ကျွန်မအမေးကိုကြားတော့ မောင်က မျက်မှောင်ကြုံ့လိုက်ကာ
"မလိုဘူး ကျောင်းမှာစားလာတယ်"
ထိုတစ်ခွန်းသာတုံ့ပြန်ပြီး မောင်က သူ့အခန်းထဲဝင်သွားကာ ကျွန်မမှာတော့ ငူငိုင်ပြီးကျန်ခဲ့ရပြန်ပြီ။
အိမ်ထောင်သက်တစ်လျှောက် ကျွန်မကျွေးသည့်အစားအစာကိုမောင်တစ်ခုမှမစား။ အမြဲငြင်းဆန်သည်။ ကျွန်မလျှော်ပေးသည့် အဝတ်ဆိုလျှင်လည်းလွှတ်ပစ်သည်။
ထိုကိစ္စကို မောင့်ဖေဖေ တစ်ဖြစ်လဲ ကျွန်မ၏ဒုတိယဖေဖေက သိတော့ မောင့်ကိုဆူသည်။ မောင် ကကျွန်မကိုပိုညှိုးသည်။
ခုနောက်ပိုင်း ကျွန်မလျှော်သည့်အဝတ်တို့ကိုမောင် ဝတ်လာသော်လည်း ကျွန်မကျွေးသည်ကိုတော့ မောင်ဘယ်တော့မှမစား။ကျွန်မကိုရွံတယ်တဲ့။
ကျွန်မအတွေးစကိုဖြတ်ပြီး လျှော်လက်စ အဝတ်တို့ကိုလက်စသတ်ရန် နောက်ဖေးပြန်ဝင်ခဲ့၏။