သစ်တော၏အတွင်းဘက်ရှိ စုတ်ချာနေသော ဆေးပေးခန်းလေးမှ ဤနေရာသို့ဘယ်လိုရောက်လာသလဲ Lala မမှတ်မိတော့ပါ။ တစ်နေ့တာအတွင်း မမျှော်လင့်ထားသည့်အံ့ဩစရာများဖြင့် ကြုံကြိုက်လိုက်ရသောကြောင့် စိတ်အခြေအနေမှာ ပြိုကျလုဆဲဆဲမျှော်စင်နှယ် ဖြစ်နေသည့်တိုင် ဌာနချုပ်၏အတော်ဆုံးစွမ်းဆောင်ရည်ရှိသူပီသစွာ အေးစက်ပြီးမတုန်လှုပ်သည့်မျက်နှာအသွင်အပြင်ကို ထိန်းထားနိုင်ဆဲပင်။
မြို့တော်နှင့်ဝေးကွာသော ဤနေရာတွင် နောက်ထပ်လူစည်ကားသောမြို့တစ်ခုက ဆီးကြိုနေလိမ့်မည်ဟုမမျှော်လင့်ထားပါ။ ထိုမြို့၏အချက်အချာနေရာတွင် မြို့အရှင်တစ်ဖြစ်လဲ misaki က ကြီးကျယ်ခမ်းနားလှသောတည်းခိုခန်းတစ်ခု ဆောက်လုပ်ထားပြီး စီးပွားရေးချဲ့ထွင်နေလိမ့်မည်ဟု ပိုလို့ပင် မထင်ထားခဲ့ပါ။ ငှဲ့ထားသော လက်ဖက်ရည်ကို တစ်ကျိုက်မော့လိုက်ပြီးနောက် လက်ရှိအခြေအနေမှာ အချိန်နောက်ပြန်ဆွဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ တည်းခိုခန်းတစ်ဝိုက်တွင် မြူးထူးပြေးလွှားနေသော 00၊ misaki ၏ရင်ခွင်ထဲရှိ သတိမလည်လာသေးသော သူမတို့၏ကပ္ပတိန်ငယ်လေး William၊ ဉာဏ်ကောင်းပြီးကြင်နာခွင့်လွတ်တတ်သည့် misaki မဟုတ်တော့ဘဲ ဆိုးသွမ်းကာလှည့်စားတတ်သော misaki။ အရာအားလုံးဟာ အရင်နှစ်များဆီကအတိုင်းလို့ ထင်ယောင်ထင်မှားဖြစ်စေသည်။
သက်ပြင်းချရင်း တွေးမိရသည်မှာ ဘယ်လောက်ပဲအတိတ်ကို နောက်ပြန်ဆွဲနေပါစေ မတူညီအရာတို့ကလည်း ရှိနေဆဲပင်။ ဥပမာဆို 00 က misaki ၏လက်ထောက်မဟုတ်တော့ဘဲ သူမ၏ host ဖြစ်လာခြင်း၊ William မှာလည်း misaki ၏ host အဖြစ်မဟုတ်ဘဲ နှစ်ယောက်စလုံးဟာ host များအဖြစ် နေရာယူထားကြသည်။ တွေးနေရင်းမှ ဆက်တွေးမိသည်မှာ misaki ၏ထိုအချိန်က ရွှေရောင်လွှမ်းသင့်နေ့ရက်များအကြောင်းပင်။ အရှေ့ဘက်ရှိလမင်းက မြောက်ပိုင်းဌာနချုပ်တွင်သာသည်ဟု ပြောစမှတ်ပြုရလောက်အောင် ဌာနချုပ်အတွင်းရှိ အရှေ့အရပ်လမင်းလေး misaki ၏လုပ်ဆောင်ချက်တို့မှာ လူတိုင်းကိုအံ့အားသင့်သွားစေကာ အသိအမှတ်မပြုဘဲမနေနိုင်ဖြစ်စေခဲ့သည်။
သို့သော် အရှေ့ဘက်ရှိလမင်းအား အတင်းအကြပ် အနားယူအောင်တွန်းအားပေး သစ္စာဖောက်ခဲ့သည့် William၏အဖေ သူမတို့၏ခေါင်းဆောင်ဟောင်းကြောင့်သာ မဟုတ်လျှင် နှုတ်ဆက်ခါနီးဝင်လုဆဲေအးချမ်းသည့်အရှေ့ဘက်လမင်းက အလွန်အမင်းပူလောင်ကာလောင်ကျွမ်းနေသည့်နေအဖြစ် ပြောင်းလဲသွားမည် မဟုတ်ပါပေ။ အရှေ့ဘက်ရှိလမင်းအား misaki version 1 အဖြစ်သတ်မှတ်ခဲ့ကြပြီး ဆိုးသွမ်းကာနိမိတ်မကောင်းစေသည့်တစ်ယောက်ကိုတော့ misaki version 2 အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်စေခဲ့သည်။ သို့သော်လည်း ယုံကြည်မှုတို့ပြိုကွဲသွားပြီး ချည်နှောင်ထားသည့်ကြိုးတို့မှာလည်း ပြတ်တောက်သွားပြီးဖြစ်လေရာ အနှီ ကြောက်မက်ဖွယ် version 2 အား မည်သူမျှမထိန်းချုပ်နိုင်ခဲ့ပေ။ နောက်ဆက်တွဲ ဖြစ်ရပ်များမှာ ခေါင်းဆောင်ဟောင်း၏သေခြင်းတရား ဌာနအတွင်းကမောကမဖြစ်မှုများ ပင်မစွမ်းအင်ဌာနရှိအပျက်အစီးများက အနှီ misaki version 2 မှာ အမှန်တကယ်ကို ဂြိုလ်ဆိုးဖြစ်ကြောင်း သက်သေပြနေသလိုပါပင်။ သို့သော် ကပ္ပတိန် William ၏လက်ထက်တွင်တော့ ဖခင်ဖြစ်သူ၏သေခြင်းတရားမှာ အတုဖြစ်ကြောင်းရှာဖွေတွေ့ရှိခဲ့ပြီး version 2 ဟုသတ်မှတ်ထားသောဆိုးသွမ်းသည့်ရှေးဟောင်းဝိညာဉ်မှာ misaki ကိုယ်ခွဲများ၏ပင်တိုင်ဖြစ်နေလေသည်။ ထိုစဉ်က ယုတ်လျော့နေသည့် ဌာနချုပ်၏ပင်မစွမ်းအင်အား ဖြည့်တင်းရန် ခေါင်းဆောင်ဟောင်း ထိုရှုပ်ထွေးသည့်ကိစ္စတို့ကို ကြိုတင်စီစဉ်ခဲ့ပုံပေါ်သည်။ သို့သော် ငရဲမှထိုးထွက်လာသည့်ဝိညာဉ်၏နှလုံးသွေးကျောက်ကို လုယူဖို့ဆိုသည်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။
အဆုံးတွင် ခေါင်းဆောင်ဟောင်းမှာ misaki ဆီမှနှလုံးသွေးကျောက်ကို ထုတ်မယူနိုင်ခဲ့သည့်အပြင် သားဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရလေသည်။ ဖခင်တစ်ယောက်အနေနဲ့ ဝိညာဉ်ကင်းမဲ့စွာ လဲလျောင်းနေသော သားဖြစ်သူကို နေ့တိုင်းကြည့်နေရင်း ဘယ်လိုခံစားရမလဲတော့ Lala လည်း မပြောတတ်ပါပေ။ သို့သော် အဆုံးစွန်အထိသနားစရာကောင်းမနေသည်ကိုတော့ သတိထားမိပေသည်။ ဌာနအတွင်းရှိ misaki ၏နာမည်ဆိုးတို့ကိုအခုထိ မရှင်းလင်းပေးသည့်အပြင် William အား ဤသို့သစ်သားတုံးလိုအသက်ရှင်အောင် ဒဏ်ခတ်သွားသူမှာ ထိုဂြိုလ်ဆိုး misaki ဟုပင် ကျိန်ဆဲနေတတ်သေးသည်။ ဘေးကရပ်ကြည့်နေသည့်သူမပင် William တစ်ယောက် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် misaki ၏တစ်စစီဖြစ်နေသောဝိညာဉ်တို့အား ပြန်ရှာရန်စွန့်စားခဲ့ခြင်းဖြစ်ကြောင်း သိလေသည်။ နှစ်ဦးသားဆက်နွယ်မှုခံစားချက်တို့ကို နက်ရှိုင်းစေခဲ့သူမှာ William ၏အဖေပင်ဖြစ်ပြီး ကံကြမ္မာဆိုးကိုသယ်ဆောင်လာသူမှာလည်း သူကိုယ်တိုင်ပင်ဖြစ်သည်ကို အခုထိမမြင်နိုင်ရှာသေးရာ အတော်လေးကိုအတ္တကြီးမားသူဖြစ်ပေသည်။
"ငတုံးလေး" misaki သည်မေ့လျော့နေဆဲဖြစ်သော William ၏မျက်နှာအား ခပ်ဖွဖွ တို့ထိရင်း ရေရွတ်မိလေသည်။ အကြောက်အလန့်မရှိသည့်ငတုံးလေးမှာ ခဏအကြာတွင် လူးလွန့်လာလေရာ နိုးထတော့မည့်ပုံပင်။ အနှီအမျိုးသားမှာ သူမ၏ host အဖြစ် တာဝန်ထမ်းဆောင်စဉ်ကလိုမျိုး အားနည်းကာ မရင့်ကျက်သေးသည့်ကလေးမဟုတ်တော့သည့်တိုင် မျက်နှာထက်တွင်ဖုံးအုပ်နေသည့်ဆံနွယ်တို့အား လက်ညိုးဖြင့် နားနောက်သယ်ပို့ရင်း မျက်ဝန်းထောင့်ရှိမှည့်လေးအား တစ်ချက်နမ်းရှိုက်ရင်း အသားယူမိရသည်။ မြေခွေးအိုကြီးက ထိဖို့ပင်မတတ်နိုင်ပေမယ့် ဒီမြေခွေးပေါက်စသာဆိုလျှင် လက်သည်းတို့ဆန့်ထုတ်လိုက်ရုံနှင့် သူမရင်ဘတ်ဗဟိုနေရာရှိ နှလုံးသွေးကျောက်ကို အသာလေးထုတ်ယူသွားနိုင်လောက်လေသည်။ သို့သော် မတွေ့ရသည့်နှစ်ေတွအတွင်း ဤကလေး၏ခေါင်းမှာပိုလို့သုံးစားမရဖြစ်လာသည့်ပုံပင်။ သူမကိုရှာဖို့ ကိုယ့်ဝိညာဉ်ကိုယ်အပိုင်းပိုင်းအစစခွဲထုတ်ပစ်တယ်။ ဝိညာဉ်တို့ကွဲထွက်ခြင်းအား ကိုယ်တိုင်ကြုံတွေ့ဖူးလေရာ ထိုကလေးမည်မျှနာကျင်ခဲ့မလဲ တွေးကြည့်လို့ရနိုင်ပေသည်။ ရူးသွပ်ပြီးမိုက်မဲလွန်းလှ၏။
ရင်ခွင်အတွင်းထွေးပိုက်ထားသည့်လူမှာ မျက်တောင်တို့အား နှစ်ကြိမ်သုံးကြိမ်မျှခတ်ကာ မျက်ဝန်းတို့ပွင့်လာလေရာ misaki လည်း ဖွင့်ဖော်ထုတ်ပြထားသည့် အကြင်နာတို့အား ယာယီပြန်သိမ်းလိုက်တော့၏။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.