Recommend songsApocalypse _ Cigarettes after sex
Yes to heaven - Lana del Rey________________
အခန်းတံခါးရှေ့တွင် ခြေစုံရပ်နေမိသည်မှာ စက္ကန့်ပိုင်းမျှ ကြာသွားပြီ။ ယူဂျင်း သက်ပြင်းတစ်ချက်ကို ခပ်ဖြေးဖြေး မှုတ်ထုတ်ပြီးမှ အခန်းတံခါးကို လက်ဆစ်ကလေးဖြင့် သုံးချက်တိတိ ခပ်ကျယ်ကျယ်ခေါက်လိုက်သည်။
“အစ်ကို… ဂယူဘင်း…”
အခန်းထဲမှ စကားသံပြန်မလာပါ။
“အန်ကယ်လ်က ခေါ်ခိုင်းလိုက်လို့”
lock ပွင့်သွားသံနှင့်အတူ အခန်းတံခါးမှာ ခပ်ဖြေးဖြေး ပွင့်ဟလာသည်။ ရေစက်အချို့တွဲခိုနေသော ခပ်ဖွေးဖွေး ခြေဖမိုးတစ်စုံက မြင်ကွင်းထဲဝင်ရောက်လာသည်။ လာဗင်ဒါ ဆပ်ပြာဆီ အနံ့က နှာသီးဖျားမှတစ်ဆင့် ဝင်ရောက်လာသည်။ မျက်လွှာချထားရာမှ ခပ်ဖြေးဖြေး မော့ကြည့်မိ၏။ အစ်ကိုက ရေချိုးပြီးခါစဖြစ်ပုံရကာ ခါးတွင် တဘက်ဖြူတစ်ထည်ကိုသာ ပတ်ထားပြီး ရေစက်လက်ဖြစ်နေသော ဆံနွယ်တို့ကို တဘက်တစ်ထည်ဖြင့် ခပ်ဖွဖွသုတ်လျက်ရှိသည်။
“ပြော…. ဘာလဲ”
ခပ်ရှရှ အမိန့်သံက ဖူးငုံသော နှုတ်ခမ်းပါးဆီမှ ထွက်လာသည်ကိုပင် ထပ်ခါထပ်ခါ နားထောင်လိုနေမိသည်။
“ဟို… အန်ကယ်လ်က ဒီနေ့မနက်စာ အတူစားရအောင်… ပြောစရာလေးလည်း ရှိလို့တဲ့”
“အင်း… အဝတ်လဲပြီး လာခဲ့မယ်”
တာဝန်ပြီးပြီဖြစ်၍ လှည့်ထွက်ရန် ခြေလှမ်းပြင်လိုက်စဉ် အမိန့်ပေးသံတစ်စုံတစ်ရာကြောင့် ခြေအစုံကို တုံ့ခနဲ ရပ်တန့်ထားလိုက်မိသည်။
“ဒါ … ဘယ်သွားမလို့လဲ”
“ဟို… ဒေါ်ကြီးတို့ကို မနက်စာ ကူပြင်….”
“ထားလိုက်… သူတို့အလုပ် သူတို့လုပ်လိမ့်မယ်… မင်းက ဖေဖေ့ မွေးစားသား… အဲ့ဒါတွေက မင်းတာဝန် မဟုတ်ဘူး”
ယူဂျင်း မျက်လွှာချထားကာ ခေါင်းငုံ့လျက်သာ အခန်းရှေ့တွင် ငြိမ်သက်၍ ရပ်နေမိသည်။
“အဲ့ဒါ… ဘာရပ်လုပ်နေတာလဲ… အခန်းထဲဝင်လေ… ငါ့ကို အင်္ကျီထုတ်ပေးသွား”