ထည်ဝါလှသော တည်းခိုခန်းမျက်နှာစာရှေ့တွင် ပင်ပန်းနွမ်းနယ်ပုံရနေသော်လည်း စူးရှသည့်အကြည့်များရှိသည့် ကိုယ်ရံတော်တစ်စုရှိနေလေသည်။ သူတို့၏ဝတ်စားဆင်ယင်ပုံများမှာ ဤအရပ်ဒေသရှိလူများနှင့် အနည်းငယ်မတူကွဲပြားလျက် ရိုးရှင်းသောအပြင်အဆင်များနှင့်ဖြစ်သည်။ လက်ထဲတွင်ကိုင်စွဲထားကြသော လက်နက်များမှာလည်း အလှဆင်ထားခြင်းမရှိသည့် အကြမ်းထည်များဖြစ်ကြပြီး ရက်စက်သည့်အငွေ့အသက်များ ထုတ်လွှတ်နေကြသေး၏။ ထိုလူကြမ်းအုပ်စုမှာ အခြားမဟုတ်ပါဘဲ အရှင်သခင် Hiraki ၏နောက်လိုက်များဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သည့် Tetsu မှာ တည်းခိုဆောင်ထဲမှ ထွက်လာသော ကြင်ယာတော်ကိုတွေ့မှ စိတ်သက်သာရာရသွားသလိုခံစားလိုက်ရလေသည်။
အရင်ထက်ပင် သပ်ရပ်ကာ အဆင်တန်ဆာအပြည့်ဖြင့် ကြင်ယာတော်သည် ဝင်ပေါက်တံခါးဘောင်အား မှီရင်း သူတို့အား ပျင်းရိပျင်းတွဲကြည့်လာသည်။ မျက်နှာထက်တွင်လည်း အကျင့်ဖြစ်နေပုံရသည့် အပြုံးရေးရေးလေးလည်း ရှိနေ၏။ ထိုပုံစံက ကြည့်ရတာ တစ်မျိုးတစ်မည် ရင်းနှီးနေလေသည်။ သခင်ဖြစ်သူနှင့် အနီးစပ်ဆုံးသူဖြစ်သည့် Tetsu သာ ကြင်ယာတော်ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ Hiraki တွင်တွေ့ရလေ့ရှိသည့် မိုက်ရူးရဲဆန်ခြင်းတို့ ကိန်းအောင်းနေကြောင်း ခံစားမိလေသည်။ အနေနီးစပ်သွားလို့ အသွင်တူလာသည့်အမူအကျင့်မျိုး ဟုတ်ပုံမရဘဲ ထိုအစား အသွေးအသားထဲကပါ ထိုသို့သောတူညီသည့်ဗီဇများရှိနေ၍သာ အချင်းချင်း ဆွဲငင်မိကြခြင်းဖြစ်နိုင်သည်။
ကိုယ်ရံတော်တပ်ဖွဲ့အတွက် နေရာစီစဉ်ပေးရန် လက်အောက်ခံများအား မှာကြားပြီးနောက် ဆက်နေရန် အကြောင်းပြချက်မရှိတော့ပါသဖြင့် အဆောက်အအုံအတွင်းသို့ ပြန်ဝင်လာခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်ကတော့ ပြဿနာတို့သယ်ပိုးကာ အိမ်ဝအထိရောက်လာလေသည်။
"မျိုးမစစ်လေးတွေ" အနှီခက်ထန်သည့် အမျိုးသမီးတစ်ယောက်၏ကြုံးဝါးသံကြောင့် ကိုယ်ရံတော်တပ်ဖွဲ့၏လျှော့ချထားသော သတိတို့မှာပြန်ကပ်လာလျက် ရင်ဆိုင်ရန်အသင့်အနေအထား ဖြစ်သွားလေသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.