အခန်း(၂၆)

95 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၆)

"ချာတိတ်..."
ချာတိတ်က ခရီးဆောင်အိတ်ကို ဘီရိုရဲ့ဘေးမှာထောင်ထားလိုက်ရင်းနဲ့ သူ့ကိုလှည့်ကြည့်လာကာ
"ဦး... ကိုးကို ဘာပြောမလို့လဲ..."
စိုင်းအိုက်မော်ပို့လိုက်တဲ့ဓာတ်ပုံကိစ္စကို မေးချင်ပေမယ့်လည်း ချာတိတ်ရဲ့ဖြူစင်တဲ့အပြံုးကြောင့် သူ မမေးရက်နိုင်အောင်ဖြစ်သွားမိတော့သည်။ သူ ခေါင်းရမ်းပြလိုက်တော့ ချာတိတ်က သူ့အနားသို့ရောက်လာကာ
"ဘာဖြစ်လို့လဲ ဦး... နေမကောင်းဘူးလား... ဦးမျက်နှာက ညှိုးလိုက်တာ ဦးရယ်..."
"ဟုတ်တယ် ချာတိတ်ရဲ့ ကိုယ် နေမကောင်းဘူး..."
"ဟင်... ဘာဖြစ်တာလဲ ဦး..."
သူမမျက်ဝန်းထဲက စိုးထိတ်သွားတဲ့အရိပ်အယောင်ကြောင့် သူ ကြည်နူးသွားမိတာအမှန်ပင်။ ချာတိတ်က သူမလက်လေးနဲ့ သူ့နဖူးတွေ ပါးတွေကို စိုးရိမ်တကြီး စမ်းနေတော့သည်။ သူ ဘာမှမပြောတော့ဘဲ ချာတိတ်ကိုဖက်ထားလိုက်ကာ
"ချာတိတ်ကို လွမ်းလွန်းလို့ အလွမ်းနာကျနေတာချာတိတ်ရယ်... အဲ့ဒီ့ရောဂါအတွက် ဖြေဆေးက မရှိဘူးနော်..."
"ဟာ ဦးကလည်း ကိုးက ဦးတကယ်နေမကောင်းတာလားလို့ တကယ်စိုးရိမ်သွားတာပဲ..."
"တကယ်နေမကောင်းဖြစ်တာပါဆိုကွာ..."
"မသိဘူးကွာ..."
ချာတိတ်က သူ့ရင်ခွင်ထဲမှာငြိမ်သက်ကာနေလေသည်။ သူမေးချင်နေတဲ့မေးခွန်းတွေကတော့ ချာတိတ်ရဲ့ဂရုစိုက်မှုတွေအောက်မှာ ပျောက်ခြင်းမလှပျောက်သွားတော့သည်။ သူ ဒီကိစ္စကိုဖြေရှင်းနိုင်မှာပါ... ဟုတ်တယ် ချာတိတ်မသိအောင် သူ ဖြေရှင်းနိုင်တယ်။
"ချာတိတ်..."
"ပြောပါ ဦး..."
"ကိုယ် ချာတိတ်ကို အချိန်ပြည့်လွမ်းနေခဲ့တာ... ချာတိတ်ရော ကိုယ့်ကိုမလွမ်းဘူးလား..."
"အမှန်အတိုင်းပြောရရင် ကိုးလည်း ဦးကိုလွမ်းပါတယ်..."
"ဖုန်းပြောတဲ့အချိန်တိုင်း ချာတိတ်ရဲ့အသံလေးကိုကြားလိုက်မိတိုင်း ကိုယ် ချာတိတ်ဆီကို အပြေးလေးရောက်လာချင်ခဲ့မိတာ... အဲ့ဒီ့အချိန်တွေဆိုရင် ကိုယ်လေ ငှက်ကလေးတစ်ကောင်အရမ်းဖြစ်ချင်တာပဲ... ဘာလို့လဲ ချာတိတ်သိလား..."
"ဟင့်အင်း... ကိုး မသိဘူး ဦး..."
"ကိုယ့်မှာသာ အတောင်ပံလေးတွေရှိလာခဲ့မယ်ဆိုရင် ချာတိတ်ရှိရာအရပ်ကို ပျံသန်းပြီးလာလို့ရတယ်လေ ချာတိတ်ရဲ့..."
ဦးရဲ့စကားကြောင့် ကိုး သဘောကျစွာ ပြံုးလိုက်မိလေသည်။
"ကိုယ် ငှက်ကလေးတစ်ကောင်မဖြစ်ရရင်လည်း မှော်အစွမ်းတစ်ခုခုရမယ်ဆိုရင် ကျေနပ်ပါတယ်..."
"ဦးရဲ့စကားတွေက ကဗျာဆန်လိုက်တာ..."
"ကိုယ့်အသက်က သုံးဆယ်နားကပ်နေပြီ ချာတိတ်ရဲ့... စိုင်းစိုင်းခမ်းလှိုင်ရဲ့ "သိင်္ခါရ"ဆိုတဲ့သီချင်းထဲမှာ အချစ်နဲ့ပတ်သက်တဲ့အခါ လူတွေတိုင်းဟာ ဆယ်ကျော်သက် ဆိုတဲ့သီချင်း ချာတိတ်နားထောင်ဖူးတယ်မို့လား... ကိုယ်လည်း အဲ့လိုပဲလေ..."
"ကိုးနားထောင်ဖူးတယ်... ဦးက အဲ့လိုသီချင်းတွေနားထောင်တယ်ပေါ့..."
"အဲ့လိုသီချင်းတွေကို ကိုယ်ကြိုက်တတ်ပါတယ်... ဒါပေမယ့် ဦးရီးတော်တို့ ဒွေးတော်တို့က အဲ့လိုသီချင်းတွေနားထောင်ရင် မကြိုက်ဘူး ချာတိတ်ရဲ့... ဘယ်သူမှမသိအောင် ကိုယ် ခိုးပြီးနားထောင်ရတာပေါ့... ကိုယ်အလွတ်ရတဲ့သီချင်းတစ်ပုဒ်ရှိတယ်... အဲ့ဒါလည်း ဘယ်သူမှမသိအောင် ကိုယ် ခိုးပြီးကျက်ထားတာ..."
ကိုး သဘောကျစွာပြံုးလိုက်မိလေသည်။
"ကိုယ် ညကျရင် ချာတိတ်ကို အဲ့ဒီ့သီချင်းဆိုပြမယ်နော်..."
"ဟုတ်..."
သူ သူ့ရင်ခွင်ထဲကနေ ချာတိတ်ရဲ့မျက်နှာလေးကို ငုံ့ကြည့်လိုက်ကာ
"ချာတိတ်..."
ချာတိတ်က သူ့မျက်နှာလေးကိုမော့ကြည့်လာတော့မှ
"တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်တို့နှစ်ယောက်ကို ဝေးကွာသွားအောင် လုပ်လာခဲ့မယ်ဆိုရင် ချာတိတ် ကိုယ်နဲ့ဝေးနိုင်လား..."
ရုတ်တရက်ကြီးမေးလာတဲ့ သူ့မေးခွန်းကြောင့် ချာတိတ်က သူ့ကို နားမလည်သလိုကြည့်လာသဖြင့် သူ ပြံုးလိုက်ကာ
"ကိုယ့်စကားတွေက စည်းတစ်ခုကို ကျော်သွားခဲ့ပြီထင်တယ်နော်..."
"ဦးပြောတာကို ကိုး သေချာနားမလည်ဘူး... ကိုးတို့ကို ဘယ်သူက ဝေးအောင်လုပ်မှာမို့လို့လဲ ဦးရဲ့..."
"မဟုတ်ပါဘူး ကိုယ်က ကြိုတွေးမိလို့ပါ... တကယ်ဆိုရင် ကိုယ်က ကိုးရဲ့အချစ်ကိုတောင်မှ ရသေးတာမဟုတ်ဘူးလေ..."
သူ့စကားကြောင့် သူမမျက်နှာလေး ညှိုးသွားတာကို သူ သတိထားလိုက်မိ၏။
"အဲ့ဒါကြောင့် ကိုယ့်စကားတွေက စည်းကျော်သွားမှာစိုးခဲ့တာပါ... ဒါပေမယ့် တကယ်လို့အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် ချာတိတ် ကိုယ်နဲ့ခွဲနိုင်မှာလား..."
"ကိုး..."
ချာတိတ်မျက်နှာက သူ့မေးခွန်းအတွက် ဆွ့ံအသွားသလိုငြိမ်သက်သွားကာ သူ့မျက်နှာကိုငေးကြည့်နေလေတော့သည်။
"ချာတိတ် ကိုယ့်ကို ကတိတစ်ခုပေးနိုင်မလား..."
"ကိုး ဘာကတိပေးရမှာလဲ ဦး..."
"ဘယ်လိုကိစ္စတွေပဲဖြစ်လာဖြစ်လာ ချာတိတ် ကိုယ့်နားကနေ ထွက်မသွားပါဘူးလို့ ကတိပေး..."
"ဦးရယ်... ဦးက ဘာတွေကိုအစိုးရိမ်လွန်နေတာလဲ... ကိုခညောင်းရှင်က ဦးလက်ထဲကနေ ကိုးကိုပြန်ပြီးလုယူမှာကြောက်နေတာလား..."
"ကိုယ် မရှက်တမ်းဝန်ခံရမယ်ဆိုရင် ချာတိတ်ပြောသလိုပဲ ကိုယ့်လက်ထဲကနေ ခညောင်းရှင် ချာတိတ်ကိုပြန်ပြီးလုယူသွားမှာ ကိုယ်သေလောက်အောင်ကြောက်နေခဲ့တာပါ..."
"ဦးရယ်... ကိုးက အဲ့လိုလုပ်မယ့်လူမျိုးလို့ ဦးထင်နေခဲ့တာလား... ကိုးလည်း ဦးအပေါ် မရှက်စတမ်းဝန်ခံရမယ်ဆိုရင် ကိုး ဦးအပေါ်မှာ ဟိုးအရင်တုန်းကလိုမျိုး နာကြည်းချက်တွေမရှိတော့ဘဲ ဦးရဲ့အချစ်ကိုလက်ခံနိုင်အောင် ကိုးကြိုးစားနေတာပါ..."
"ဟင်... ချာတိတ် တကယ်ပြောနေတာလား..."
ဝမ်းသာအားရမေးလာတဲ့ဦးကိုကြည့်ကာ ကိုး နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ချာတိတ်ရယ်... ဒါဆိုရင် ကိုယ် ချာတိတ်ကိုစိတ်ချပါပြီ..."
"ကိုး ကင်းနဲ့မပတ်သက်မိအောင် တတ်နိုင်သလောက် ရှောင်နေတာပါ..."
"ကျေးဇူးတင်ပါတယ် ချာတိတ်ရယ်... ကိုယ်က ချာတိတ်ကိုမယုံတာမဟုတ်ပါဘူး ခညောင်းရှင်ကိုစိတ်မချတာပါ... နောက်ပြီး ချာတိတ် ကိုယ့်အပေါ် ဘယ်လိုအပြစ်တွေပဲလုပ်လုပ် ကိုယ်က ထာဝရခွင့်လွှတ်ပြီးသားပါ..."
"ကိုးက ဦးရဲ့သိက္ခာကို တန်ဖိုးထားပါတယ်... ကိုးကြောင့် ဦးရဲ့အနွယ်တော်တွေကြားမှာ ဦး ဘယ်တော့မှ သိက္ခာမကျစေရပါဘူး..."
ကိုးရဲ့ခန္ဓာကိုယ်လေး ဦးရဲ့ရင်ခွင်ထဲသို့ ပြန်ရောက်သွားပြန်လေသည်။
"ကျေးဇူးပါ ချာတိတ်... ကိုယ် ချာတိတ်ကို အရင်ကထက်ပိုပြီး ချစ်သွားပြီ... ကိုယ့်ဘဝမှာ မဟုတ်ဘူး ကိုယ့်ရဲ့ပစ္စုပ္ပန်ရော အနာဂတ်မှာရော ချာတိတ်မရှိလို့ လုံးဝမဖြစ်တော့ဘူး..."
"ဦးတောင်းတဲ့ကတိကို ကိုး ပေးနိုင်ပါတယ်... ကိုး ဦးရဲ့အနားကနေ ဦးရဲ့ခွင့်ပြုချက်မရဘဲ ဘယ်တော့မှထွက်မသွားပါဘူး..."
"ချာတိတ်ရယ်..."
နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားကြပြန်သည်။ ဦးရယ်... ကိုးက ဦးရဲ့အချစ်ကိုလက်ခံနိုင်ဖို့ကြိုးစားနေတယ်ဆိုကတည်းက ကိုးရဲ့အချစ်ကိုလည်း ဦးကိုပေးဖို့လက်ကမ်းချင်နေခဲ့တာပါ... ကိုးက နှုတ်ကနေသာ ချစ်တယ်ဖွင့်မပြောတာ ကိုးရဲ့အချစ်တွေကတော့ နောက်ဆိုရင် ဦးအတွက်ပဲဖြစ်လာတော့မှာပါ...။
#######
"ကိုးကိုပြန်ပြီးပိုင်ဆိုင်ရဖို့အတွက် ကျွန်တော်ဘာမဆိုလုပ်နိုင်တယ် ကိုစိုင်းအိုက်မော်..."
ခညောင်းရဲ့စကားကြောင့် အိုက်မော် သဘောကျစွာပြံုးလိုက်လေသည်။
"ကောင်းပြီလေ... မင်းနဲ့ငါက တစ်လမ်းထဲသွားကြရမယ့်သူတွေဆိုတော့ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့..."
ခညောင်း သူ့ကိုကြည့်လိုက်ရင်းကနေ တစ်ဆက်တည်းဆိုသလို
"ခင်ဗျားအကြံအစည်ကဘာလဲဆိုတာတော့ ကျွန်တော်မသိဘူး... ဒါပေမယ့် ကိုးကို ထိခိုက်လာမယ်ဆိုရင် ကျွန်တော် ခင်ဗျားကိုလည်း ခွင့်လွှတ်မှာမဟုတ်ဘူးနော်..."
"ဟား... ဟား... ဟား... ငါသိပါတယ်ကွာ... စိတ်ချပါ ငါ့ကိစ္စက မင်းနဲ့မဆိုင်ပါဘူး... ငါတို့တွေက တစ်လမ်းထဲအတူသွားကြမယ့်လူတွေဆိုပေမယ့် ဦးတည်းရာတွေကမတူကြပါဦးကွာ..."
"မတူကြဘူးဆိုပေမယ့် ပတ်သက်ဆက်နွယ်နေတာပဲလေ... ခင်ဗျားက ဦးစဝ်ဘုန်းရိပ်ခေါင်ကို ဘာဖြစ်စေချင်တာလဲ..."
သူ့မေးခွန်းကြောင့် ကိုစိုင်းအိုက်မော်ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာကာ စားပွဲပေါ်ကဖုန်းကို လက်ထဲမှာဆော့ကစားနေရင်းနဲ့ခေါင်းကိုအသာငြိမ့်လိုက်လေသည်။
"မင်းသိချင်တယ်ဆိုရင် ငါပြောပြမယ်..."
သူဆက်ပြောလာမယ့်စကားတွေကို ခညောင်းစိတ်ဝင်စားစွာ နားထောင်နေမိ၏။
"ငါနဲ့ အစ်ကိုတော်စဝ်ဘုန်းရိပ်ခေါင်က ဟိုးငယ်ငယ်ကတည်းက ရန်ဘက်တွေ... ဘယ်တုန်းကမှမတည့်ခဲ့ဘူးပေါ့ကွာ... ငါက ငယ်ငယ်ကတည်းက သိပ်ဆိုးခဲ့တယ်ဆိုတာ ဝန်ခံပါတယ်..."
အဲ့ဒါကြောင့် သူက ဦးစဝ်ဘုန်းရိပ်ခေါင်ကို အခုလောက်ထိ အညှိုးတွေထားနေတာလား။
"ထားပါတော့... ကလေးဘဝတုန်းကတော့ နှစ်ယောက်စလုံးမကောင်းခဲ့ဘူး... ဒါပေမယ့် ကြီးလာတော့ ငါတို့နှစ်ယောက်လုံး နိုင်ငံခြားကို ပညာတော်သင်သွားခွင့်ရခဲ့တယ်... သူက စော်ဘွားသခင်လေးလည်းဖြစ်တယ်... နောက်ပြီး စာလည်းသိပ်တော့တယ် အင်္ဂလိပ်စာကတော့ အတော်ဆုံးပဲ... ငါလည်း သူ့လောက်မတော်ပေမယ့် မညံ့ခဲ့ပါဘူး... နိုင်ငံခြားကိုပညာတော်သင်သွားတော့ ငါ အဲ့ဒီ့နိုင်ငံမှာ ချစ်သူထားခဲ့တယ်..."
စော်ဘွားတွေရဲ့အကြောင်းကို သူ နည်းနည်းပါးပါးတော့ သိထားသည်။
"သူလည်းသိခဲ့ပါတယ်... နောက်ပြီး ငါ့ရဲ့ခမည်းတော် မယ်တော်အပါအဝင် ဦးရီးတော်တို့ရော ဖိုးဖိုးဖွားဖွားတို့ပါ သိသွားကြတယ်... ဒွေးတော်တို့လည်း သိပေမယ့် ဘာမှတော့မပြောခဲ့ပါဘူး... ဒါပေမယ့် ဖိုးဖိုးက ငါ့ကိုပြောခဲ့တယ် အဲ့ဒီ့မိန်းကလေးနဲ့ အဆက်ဖြတ်ရမယ်တဲ့..."
"ဟင်..."
သူ့မျက်နှာမှာ ကြေကွဲနေတဲ့အရိပ်အယောင်တွေကို ခညောင်း ပီပြင်သဲကွဲစွာမြင်လိုက်ရလေသည်။ သူ့ရင်ထဲမှာလည်း သူ့နာကြည်းချက်တွေက ရှိနေခဲ့တာပဲ။
"ငါတို့စော်ဘွားမျိုးနွယ်ဟာ ကိုယ့်အနွယ်တော်တွေထဲက အချင်းချင်းပဲ လက်ဆက်ကြရတဲ့အလေ့ရှိခဲ့ကြတာ..."
"အဲ့ဒါက ဟိုးပဒေသရာဇ်ခေတ်မှာပဲရှိခဲ့တာမဟုတ်ဘူးလား... ခင်ဗျားတို့အမျိုးလက်ထက်ထိပဲလား..."
သူ့အမေးကြောင့် ကိုစိုင်းအိုက်မော်ရဲ့မျက်နှာမှာ မထေမဲ့မြင်တဲ့အပြံုးတွေက ဖြတ်ပြေးသွားကြလေသည်။
"ပဒေသရာဇ်ခေတ်တွေကုန်ဆုံးသွားခဲ့ပေမယ့် ဖိုးဖိုးကတော့ မျိုးရိုးဂုဏ်ကို သိပ်စောင့်ထိန်းလွန်းအားကြီးခဲ့တယ်... ဖိုးဖိုးရဲ့စကားကြောင့် ငါ ငါချစ်တဲ့သူနဲ့လမ်းခွဲပေးခဲ့ပါတယ်..."
မျိုးရိုးဂုဏ်ကိုစောင့်ထိန်းကြရတဲ့မျိုးနွယ်ထဲမှာ လူဖြစ်ရတဲ့အတွက် သူ့ကိုယ်သူလည်း စိတ်ကုန်နေသည့်ပုံပင်။
"သူများနိုင်ငံမှာ ငါ လေလွင့်ကြောင်တစ်ကောင်လို အသည်းကွဲခဲ့တယ်... စာထဲကိုတောင် အာရုံမစိုက်နိုင်ခဲ့လို့ စာမေးပွဲတွေမှာလည်း ငါ မဖြေနိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ငါ အဲ့ဒီ့နိုင်ငံမှာကျန်ခဲ့ရတယ်... ငါ ဖိုးဖိုးရဲ့စကားကိုနားထောင်ခဲ့ရပေမယ့် ငါ့ချစ်သူကိုစွန့်လွှတ်ခဲ့ရလို့ ရင်ကွဲခဲ့ရတယ်... ဒါပေမယ့် အစ်ကိုတော်ကတော့ ငါ့လိုမဟုတ်ခဲ့ဘဲ ကိုယ့်ရဲ့အမျိုးအနွယ်မဟုတ်တဲ့ သူချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို လက်ဆက်ခွင့်ရခဲ့တယ်... ဒါ တရားတယ်လို့မင်းထင်လား ခညောင်းရှင်..."
သူ့ဘက်ကတွေးတော့လည်း ဟုတ်တာပဲ... ဦးစဝ်ဘုန်းရိပ်ခေါင်ကိုလည်း ဘာလို့ သူတို့မတားခဲ့ကြတာလဲ...
"သူတို့ရဲ့အကြောင်းပြချက်ကတော့ ခိုင်လုံတာပေါ့ကွာ... နှစ်ဖက်အဖိုးအဖွားတွေကြားမှာထားခဲ့တဲ့ကတိတစ်ခုကြောင့် သူတို့နှစ်ယောက်ကို မဖြစ်မနေလက်ဆက်ပေးတာတဲ့လေ... ဟား... ဟား... တရားလိုက်တာနော်... တကယ်တော့ ငါ့အတွက် လောကကြီးကတရားပါတယ် ငါ့မျိုးနွယ်ကသာ ငါ့အပေါ်မတရားခဲ့တာ... အဲ့တော့ ငါ အစ်ကိုတော့်အပေါ်မှာ နာကြည်းသင့်တယ်လို့ မင်းလည်းထင်တယ်မို့လား ခညောင်းရှင်..."
"ဟုတ်ပါတယ် ခင်ဗျားဘက်ကမှန်တယ်ဆိုတာ ကျွန်တော်လည်းထောက်ခံတယ်... ကျွန်တော်တို့က ဘာလို့ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်မရှိရမှာလဲ..."
"ဟုတ်တယ် အဲ့ဒါကြောင့် ငါ မင်းကို ကိုယ်ချင်းစာလို့ ကူညီပေးမှာ ခညောင်းရှင်..."
ဘဝတူဆိုတဲ့အဓိပ္ပါယ်ကို ခညောင်းနားလည်လိုက်ပြီဖြစ်သည်။
"တကယ်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်ကအတူတူပါပဲ... ကျွန်တော်က ကျွန်တော့်ချစ်သူကို လုယူသွားတဲ့အတွက် ဦးစဝ်ဘုန်းရိပ်ခေါင်ကို လက်စားချေမှာဖြစ်သလို ခင်ဗျားကလည်း ခင်ဗျားချစ်သူနဲ့ဝေးရလို့ ဦးစဝ်ဘုန်းရိပ်ခေါင်ကို လက်စားချေမှာပဲလေ..."
"အင်း... ငါစဉ်းစားထားတဲ့အစီအစဉ်ကို မင်းကိုပြောပြမယ်..."
"ကောင်းပြီ..."
"ဒီအစီအစဉ်မအောင်မြင်လို့မဖြစ်ဘူး ခညောင်းရှင်... ငါတို့အတွက် နောက်ထပ်အခွင့်အရေးဆိုတာ ရှိလာမှာမဟုတ်ဘူး..."
"ကျွန်တော်နားလည်ပါတယ်..."
"ဒီအစီအစဉ်ကို သေသေချာဆွဲရမယ်... အချိန်ကအဓိကမဟုတ်ဘူးကွာ အစီအစဉ်အောင်မြင်ဖို့က အဓိကပဲ... အဲ့ဒါကြောင့် ငါတို့တွေ အချိန်ယူပြီး တစ်ဆင့်ချင်းစီ လုပ်ရမယ်..."
"ဟုတ်တယ်... ကျွန်တော်တို့တွေအောင်မြင်ရမယ်..."
"ပထမဆုံးအနေနဲ့ ငါ ခြေတစ်လှမ်းလှမ်းထားပြီ ခညောင်းရှင်..."
"ဟင်..."
ကိုစိုင်းအိုက်မော်ရဲ့စကားကြောင့် ခညောင်းအံ့သြသွားလေသည်။ သူက မြန်လိုက်တာလို့လည်း စိတ်ထဲမှာတွေးလိုက်မိ၏။
"ငါ အလျင်လိုလို့မဟုတ်ဘူး... အခါအခွင့်တိုက်ဆိုင်သွားတာနဲ့ လှုပ်ရှားလိုက်တာ... မင်းနဲ့တိုင်ပင်ရအောင်လည်း မင်းက ငါ့ဆီကိုမှ မဆက်သွယ်ခဲ့တာ..."
"ခင်ဗျား ဘာလုပ်လိုက်တာလဲ..."
"ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က မင်းနဲ့ကိုးအသင်္ချေတို့ ကျောင်းကန်တင်းတစ်နေရာမှာ စကားပြောနေကြတဲ့ဓာတ်ပုံကို ငါရိုက်ထားပြီး အစ်ကိုတော့်ဆီကို ပို့လိုက်တယ်..."
"ဟင်..."
သူ အံ့သြလို့မဆုံးသေးခင်မှာပဲ ကိုစိုင်းအိုက်မော်က စားပွဲရဲ့အံဆွဲကိုဆွဲထုတ်လိုက်ကာ အံဆွဲထဲကနေ ပစ္စည်းတစ်ခုကိုထုတ်လိုက်ပြီး သူ့ရှေ့သို့ချပေးလာ၏။
"မင်းကြည့်လိုက်ပါ..."
သူ အိတ်ထဲကနေဓာတ်ပုံတွေကို ထုတ်ကြည့်လိုက်လေသည်။ သူနဲ့ကိုးတို့စကားပြောနေကြတဲ့ပုံတွေ... သူ ကိုးရဲ့လက်ကိုဆွဲကာ ပြောဆိုနေတဲ့ပုံတွေကိုကြည့်ကာ သူ့ရင်ထဲမှာ နာကျင်သွားခဲ့သလို အဲ့ဒီ့နေ့က သူ့ကို ကိုးပြောခဲ့တဲ့စကားတွေကိုလည်း ပြန်ပြီးကြားယောင်လာမိတော့သည်။
"ဒီဓာတ်ပုံတွေ အစ်ကိုတော့်ဆီရောက်သွားလည်း အစ်ကိုတော်က ကိုးအသင်္ချေကိုချစ်တော့ ဘာမှဖြစ်သွားမှာမဟုတ်ဘူး..."
ခညောင်း ဓာတ်ပုံတွေကိုကြည့်ရင်းကနေ သူ့ကိုကြည့်လိုက်၏။
"ဒါပေမယ့် ဒွေးတော်ဆီကိုရောက်သွားရင်တော့ ဒွေးတော်က နားလည်ပေးမှာမဟုတ်ဘူး... ဒွေးတော်ကလည်း ဖိုးဖိုးလိုမျိုး မျိုးနွယ်ဂုဏ်ကိုစောင့်ထိန်းတဲ့သူ... အစ်ကိုတော်နဲ့ကိုးအသင်္ချေတို့ကို အစက သဘောတူခဲ့တာမဟုတ်ဘူး... ဖိုးဖိုးရဲ့ကတိစကားကြောင့်သာ မငြင်းတော့တာ..."
"ဒွေးတော်ဆိုတာက ဘယ်သူလဲ..."
"အစ်ကိုတော်ရဲ့အမေ ဒေါ်နန်းဆက်ဧကရီ..."
သူ နားလည်သွားသလို ခေါင်းငြိမ့်ပြလိုက်တော့ ကိုစိုင်းအိုက်မော်က သူ့လက်ထဲက ဓာတ်ပုံတွေကို လှမ်းကြည့်လာကာ
"အဲ့ဒါကြောင့် ငါ ဒီပုံတွေကို ဒွေးတော်ဆီရောက်အောင် ငါ့လူတစ်ယောက်ကို ပို့ခိုင်းထားတယ်..."
"ဘယ်တုန်းကပို့လိုက်တာလဲ..."
"မင်းငါ့ကိုဖုန်းဆက်တဲ့နေ့တုန်းက အလုပ်ကိစ္စရှိတာနဲ့ ငါ ကလောကိုပြန်သွားခဲ့ရတာဆိုတော့ တစ်ပတ်လောက်တော့ ကြာသွားပြီ..."
"သြော်..."
"ငါ့ရဲ့အထောက်တော်ကတော့ ဒွေးတော်ရဲ့လက်ထဲကို အရောက်ပို့ခဲ့တယ်လို့ပြောတယ်... ဒါပေမယ့် အခုချိန်ထိ ဘာထူးခြားမှုမှမကြားရသေးဘူးဆိုတော့ ထူးဆန်းနေတယ်..."
"ခင်ဗျားရဲ့အထောက်တော်ဆိုတဲ့လူဆီကို ခင်ဗျားအဆက်အသွယ်မလုပ်ဘူးလား..."
"နေဦး ငါ အခုဖုန်းဆက်ကြည့်လိုက်မယ်..."
ကိုစိုင်းအိုက်မော်က သူ့အထောက်တော်ဆိုတဲ့လူဆီကို ဖုန်းဆက်နေ၏။ တစ်ပတ်တောင်ကြာသွားပြီတဲ့လား။ ဦးစဝ်ဘုန်းရိပ်ခေါင်က ကိုးကိုခွင့်လွှတ်နိုင်တယ်ဆိုတော့ သူ့အချစ်တွေက ငါ့ထက် မြင့်မြတ်လွန်းနေလို့လား။ ကိုးကိုကြည့်ရတာလည်း သူ့ကိုရှောင်ဖယ်ရှောင်ဖယ်နဲ့ဆိုတော့ ဦးစဝ်ဘုန်းရိပ်ခေါင်အပေါ်မှာ စိတ်ယိုင်သွားပြီလား... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်ကို ချစ်သွားပြီလား... ဟင့်အင်း မဖြစ်နိုင်ပါဘူး...။
"ဟယ်လို ဘီလူး..."
"ဟုတ်ကဲ့ သခင်လေးစိုင်းအိုက်မော်..."
"ငါပေးခိုင်းတဲ့ပစ္စည်း ဒွေးတော်လက်ထဲရောက်အောင် ပေးခဲ့တာ သေချာရဲ့လား..."
"သေချာပါတယ် သခင်လေး... ကျွန်တော်ကိုယ်တိုင်ပေးခဲ့တာပါ..."
"ဒါဆိုဘာလို့ အခုချိန်ထိ ဘာထူးခြားမှုမှမကြားရသေးတာလဲ..."
"အဲ့ဒါတော့ ကျွန်တော်လည်းမသိပါဘူး သခင်လေး..."
"ကျွတ်... ထားလိုက်တော့ ငါ နောက်မှ ဖုန်းထပ်ဆက်လိုက်မယ်..."
"ဟုတ်ကဲ့..."
ဖုန်းချလိုက်ကာ အလိုမကျဖြစ်နေတဲ့ ကိုစိုင်းအိုက်မော်ကို ခညောင်း ကြည့်လိုက်ကာ
"ခင်ဗျားပြောသလိုသာဆိုရင် တစ်ခုခုတော့ထူးခြားသင့်နေပြီ..."
"ဟုတ်တယ်... အဲ့ဒါကြောင့် ငါလည်း စဉ်းစားမရဖြစ်နေတာ..."
"ခင်ဗျား ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့အိမ်ကိုသွားဖြစ်လား..."
အိုက်မော် ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း... စံအိမ်တော်က ဝင်ချင်တ်ုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတာမဟုတ်ဘူး... အကြောင်းကိစ္စမရှိဘဲ သွားလို့ကမရဘူး..."
"ကျွန်တော်ထင်တာပြောရရင် ကြားထဲမှာတစ်ခုခုတော့လွဲနေပြီထင်တယ်... ခင်ဗျား အဲ့ဒီ့စံအိမ်တော်ကို သွားပြီး အခြေအနေကိုအကဲခတ်မှဖြစ်မယ်ထင်တယ်နော်..."
"ဟုတ်တယ် အဲ့လိုစဉ်းစားမိတယ်... တစ်ခုခုတော့လွဲနေတယ်..."
သူစဉ်းစားနေသလို ကိုစိုင်းအိုက်မော်ကလည်းတွေးနေလေသည်။
"အဲ့ဒီ့ဓာတ်ပုံတွေက ဒေါ်နန်းဆက်ဧကရီလက်ထဲမရောက်ဘဲ တစ်ခြားလူလက်ထဲရောက်သွားတာမဖြစ်နိုင်ဘူးလား..."
"ဒွေးတော်လက်ထဲရောက်အောင်ပို့ခဲ့တယ်လို့ ဘီလူးကပြောတယ်... အစ်ကိုတော်မရှိတဲ့အချိန် သွားပို့ခိုင်းတာဆိုတော့ အစ်ကိုတော့်လက်ထဲတော့ မရောက်လောက်ဘူး... တကယ်လို့ အစ်ကိုတော့်လက်ထဲရောက်သွားမယ်ဆိုရင် ငါ့လက်ချက်ဆိုတာကို အစ်ကိုတော်ချက်ချင်းသိမှာပဲ..."
"ခင်ဗျားရဲ့ဘီလူးကရော ယုံရရဲ့လား..."
"ဟင့်အင်း မယုံရဘူး... ဘီလူးက အစ်ကိုတော့်သစ္စာတော်ခံတစ်ယောက်..."
"အဲ့ဒါဆို ဘာဖြစ်လို့ ခင်ဗျားသူ့ကိုခိုင်းရတာလဲ..."
"သူ့အဖေကိုအကြပ်ကိုင်ထားတဲ့အတွက် သူ ငါ့အတွက် မဖြစ်မနေလုပ်ပေးမှာပဲ..."
"ဒါဆို ဘာလွဲသွားလို့လဲ..."
"ဟင့်အင်း... အခုချိန်မှာ ငါ မပြောတတ်ဘူး... ဒါပေမယ့်မနက်ဖြန် စံအိမ်တော်ကို သွားပြီး အကျိုးအကြောင်း စုံစမ်းရမယ်..."
"ကောင်းပြီလေ... ဒါဆို ကျွန်တော်တို့ နောက်နေ့မှ ဆက်ပြီးတိုင်ပင်ကြမယ်... ကျွန်တော် ရှူတင်ရှိသေးတော့ ဒီနေ့ပြန်လိုက်တော့မယ်..."
"အင်း... See you..."
"Ok..."
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီးတော့ ခညောင်းကပဲအရင်ထွက်သွားတော့သည်။ အိုက်မော်ရဲ့ခေါင်းထဲမှာတော့ စဉ်းစားရခက်တဲ့အခြေအနေတစ်ခုက ကျန်နေခဲ့တော့သည်။ ခညောင်းရှင်ပြောသလိုပဲ ဘီလူး သူ့ကိုသစ္စာဖောက်ခဲ့တာလား... ဟင့်အင်း အဲ့ဒါလည်းမဖြစ်နိုင်ဘူး... ဘီလူးက ဘယ်လိုပဲ အစ်ကိုတော့်ရဲ့သစ္စာခံဖြစ်နေပါစေ သူ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ပေးမှာပဲ... ဒါဆို ဘာလို့ ထူးခြားမှုမရှိရတာလဲ... မနက်ဖြန် စံအိမ်တော်ကိုသွားရင်တော့ အကျိုးအကြောင်းသိရမှာပဲ... မနက်ဖြန်မှတွေ့ကြတာပေါ့ ဘီလူးရာ...။
#######
ဆက်ရန် - အခန်း(၂၇)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now