နွေရောင်ခြယ်သောပန်းတိမ်လွှာ

7 1 0
                                    

အခန်း ၂

ပန်းနုလွှာ ပန်းချီပြခန်းထဲက ထွက်လာခဲ့လျှင် မိုးက သည်းထန်စွာ ရွာလာခဲ့သည်။
ထီးပါသော်လည်း မိုးက သည်းသည်းမည်းမည်း ရွာနေသည်မို့ ကျောပိုးအိတ်ထဲက မိုးကာကို ဆွဲထုတ်လိုက်သည်။
မိုးကာ ဝတ်ဟန်ပြင်နေစဉ် မျက်လုံးထဲသို့ ပုံရိပ်လေးတစ်ခုက တိုးဝင်လာသည်။
မီးပွိုင့်တွင် စံပယ်ပန်းရောင်းသော ကလေးတစ်ဦး။
မိုးသည်းသည်းအောက်တွင် လွယ်အိတ်လေးလွယ်ကာအကာအကွယ်မပါဘဲ ရပ်လျက် လက်ထဲက ကျန်ရစ်နေသေးသော စံပယ်ပန်းကုံးလေးတွေကို လမ်းသွားများ ဝယ်မည် အလို့ငှာ ကြည့်ရှုနေသည်။
ခိုက်ခိုက်တုန် ချမ်းနေသော်လည်း မပြန်နိုင်ရှာ။
ပန်းနုလွှာ ခြေလှမ်းတို့က ထိုကလေးဆီ ဦးတည်သွားသည်။
'မောင်လေး...စံပယ်ပန်း ဘယ်လောက်ဖိုးကျန်သေးလဲ'
'မမ..စံပယ်ပန်း ဝယ်မလို့လား။တစ်ကုံး ၅၀လေ မမ။မမယူရင် ၂၀၀ဖိုး ၅ကုံး ပေးမယ်နော်'
'မမ မောင်လေး လက်ထဲက စံပယ်ပန်း အကုန်ယူမယ် ဘယ်လောက်ကျလဲ မောင်လေး'
'၂၅၀၀ ပဲ ပေး မမ။အကုံး ၅၀ကျော် ကျန်သေးတယ်။မမ ဝယ်လို့ သား ရောင်းကုန်တာ ဟီး'
ချမ်းလွန်း၍ခိုက်ခိုက် တုန်နေသည့်ကြားထဲ ဝမ်းသာစွာ ပြုံးရယ်နေသည့် ကလေး၏ အပြုံး။
'မောင်လေး ရော့ ၅၀၀၀ ပြန်မအမ်းနဲ့။ မမက မောင်လေးကို ချစ်လို့ ပေးတာ ယူနော်။တစ်ကိုယ်လုံးလည်း အေးစက်နေပြီ။မိုးကာ ဝတ်သွား နောက်နေ့လာရောင်းတော့ မိုးရွာရင် ဝတ်လို့ရတာပေါ့'
ပန်းနုလွှာ ပြောပြောဆိုဆိုဖြင့် မိုးကာကို ကလေးအား ဝတ်ပေးသည်။
ကောင်လေးက အလိုက်သိစွာ သူ့ကို မိုးကာဝတ်ပေးနေသော ပန်းနုလွှာကို ထီးပြန်မိုးပေးနေသည်။
'သားကို ဝတ်ပေးတာ မမ စိုကုန်ပြီ'
'နေပါစေ မမက စိုလည်း နည်းနည်းပါ'
'ကျေးဇူးတင်ပါတယ် မမ။သားပြန်တော့မယ် အိမ်မှာ မေမေနဲ့ ညီလေး စောင့်နေလို့'
ကလေးလေးကို မျက်စိတစ်ဆုံး ငေးကြည့်ရင်း ရင်ထဲ ဆို့နင့်နင့် ခံစားနေရသည်။
ဆင်းရဲ ပင်ပန်းမှုတွေကြားမှာ ဖြူစင်ရိုးသားစွာ ကြီးပြင်းလာပါစေ ကလေးငယ်...။

ပြတင်း‌ပေါက်မှန်ဖြူမှ ဖြတ်သန်းမြင်တွေ့ရသော မြင်ကွင်းသည် ‌နွေရောင်ကို ပြုံးစေခဲ့သည်။
ကိုရဲနှင့် နှစ်ဦးသား လှည့်ပတ်ကြည့်နေရင်း ကိုရဲက ကိစ္စတစ်ခုကြောင့် ရုံးခန်းပြန်ရသောကြောင့် နွေရောင်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
ဘာရယ်မဟုတ် ကားလမ်းမဆီ ဦးတည်ကြည့်မိသောကြောင့် ထိုမြင်ကွင်းကို ကြည့်ခွင့်ရခြင်းဖြစ်သည်။
ပန်းသည် ကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက မိုးကာကို ကြင်ကြင်နာနာ ဝတ်ပေးနေသည့် မြင်ကွင်း။
ထိုကလေးငယ်ကလည်း အမျိုးသမီးကို ထီးပြန်လည် ဆောင်းပေးနေသည့် မြင်ကွင်း။
တစ်ဦး မေတ္တာ တစ်ဦး စေတနာ ဆိုသလို
အကြင်နာ မြင်ကွင်း ဟုဆိုနိုင်သည်။
ထိုမြင်ကွင်းကို နွေရောင် နှစ်သက်စွာ ကြည့်နေမိသည်။
နွေရောင်သာ ပန်းချီဆရာ တစ်ဦး ဖြစ်ခဲ့ပါလျှင် ထိုမြင်ကွင်းကို မိမိရရ စုတ်ချက်ခြယ်ခဲ့မည်သာ ဖြစ်သည်။
'နွေရောင်...ဘာတွေ ငေးနေလဲ'
'ဒီလိုပါပဲ'
'လာ..သွားကြမယ်။မင်းကို lunchလိုက်ကျွေးမယ်။ငါလည်း ဂျူတီပြီးပါပြီကွ'
နွေရောင်က သဘောတကျ ပြုံးလိုက်ရာ
'တကယ်ပါကွ ဒီတစ်ခါ တကယ်ပြီးပါပြီဟ'
လမ်းမဘက် တစ်ချက်လှည့်ကြည့်မိတော့ ကလေးရော အမျိုးသမီးပါ မတွေ့တော့။
နွေရောင်လည်း ကိုရဲခေါ်ရာ သို့ ခြေလှမ်းလိုက်တော့သည်။

နွေရောင်ခြယ်သောပန်းတိမ်လွှာWhere stories live. Discover now