အခန်း ၃
ဒီနေ့က နွေရောင် မေမေ့ရဲ့ မွေးနေ့ ဖြစ်သည်။
သံဃာတော်များကို အာရုဏ်ဆွမ်းကပ်ကာ
'မေတ္တာ'မိဘမဲ့ကလေးများ ခိုလှုံရာ ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာ တစ်ခုကို တစ်နေ့စာ အာဟာရ လှူဒါန်းခဲ့သည်။
မေမေက သူမမွေးနေ့တိုင်း ရွှေတိဂုံစေတီတွင် ဝတ်ပြု သပ္ပါယ်ကာ ကုသိုလ်ယူနေကြ ဖြစ်သည်။
နွေရောင်လည်း မေမေ့အနားတွင် ဘုရားရှိခိုး ဝတ်ပြုရင်း ဂုဏ်တော်ပွားများနေလိုက်သည်။
နွေရောင် ဝတ်ပြုပြီးနောက် မေမေ့ဘက်သို့ အသာလှည့်ကြည့်ရာ မေမေက သက်စေ့ပုတီးစိပ် ကုသိုလ်ပွားများနေဆဲ ဖြစ်သည်။
နွေရောင် ပုဆစ်တုတ်ထိုင်နေရာမှ ဖင်ချထိုင်လိုက်ကာ ဘေးဘီဝဲယာ အကြည့်ပို့လိုက်သည်။
နွေရောင်နှင့် တစ်လံကွာ အကွာအဝေးလောက်တွင် ကျုံ့ကျုံ့လေး ထိုင်ကာ ဘုရားရှိခိုးနေသော မိန်းမငယ်လေး တစ်ဦး။
မျက်လွှာချကာ ဘုရားအာရုံပြုနေဟန်က အတော်လေး အေးချမ်းလှသည်မို့ မရည်ရွယ်ဘဲ နွေရောင် ငေးကြည့်နေမိသည်။
ထိခြင်း ငါးပါး ထိအောင် ဦးခိုက်ကန်တော့ခိုက် ကျောပေါ်မှ ဆံပင်နက်နက် ထူထူထဲထဲလေးက မျက်နှာပေါ် ဝဲခါအောင် ပြုတ်ကျလာပုံလေးက မရည်ရွယ်ဘဲ လှပနေသော အခိုက်အတန့်လေး တစ်ခုလို။
မျက်လုံးတို့ဖျတ်ခနဲ ပွင့်လာပြီး ဦးခေါင်း လှည့်လာသည့်တိုင်အောင် နွေရောင် အကြည့်မလွှဲမိ ဖြစ်သွားသည်။
မျက်လုံး ဝိုင်းဝိုင်းကျယ်ကျယ်လေးက အံ့အောရိပ် အနည်းငယ် ဖြတ်သန်းသွားသည်။
ရှက်ရွံဟန်ဖြင့် ခေါင်းငုံ့သွားမိပြီးမှ နွေရောင်ဘက်သို့ လှည့်မကြည့်တော့ဘဲ ကျောခိုင်းသွားသော နောက်ကျော ပုံရိပ်လေးအထိ နွေရောင် မလွတ်တမ်းကြည့်နေမိသည် ကို နွေရောင် ကိုယ်တိုင် သတိမထားမိသေး။
'သားနွေ...ဘယ်တွေငေးနေလဲသား။ဘုရား ဝတ်ပြုပြီးပြီလား'
'ဟုတ်ကဲ့..မေမေ။ဝတ်ပြုပြီးပါပြီ'
'မေမေလည်း ပြီးပြီသားနွေ။ဦးဌေး စောင့်နေရတာ ကြာလှပြီ။ပြန်ရအောင်'
'ဟုတ်ကဲ့ မေမေ'
နွေရောင်လည်း မေမေ့ကို တွဲထူပေးကာ သားအမနှစ်ယောက် ကုန်းတော်မှ ပြန်ဆင်းလာလိုက်သည်။
_______________________________
မျက်ဝန်းညိုညိုလေး တစ်စုံ။
ညှို့ချက်ပြင်းပြင်း မဟုတ်ပေမယ့်လည်း ဘယ်ဘက်ရင်ခွင်မှ နှလုံးသားကို ကစုန်ပေါက်အောင် ပြုစားနိုင်သည်။
ပန်းနုလွှာ မျက်လုံးအစုံ မှိတ်ထားသော်လည်း တစ်ယောက်သော သူ၏ မျက်နှာချောချောကိုသာ အလိုလိုမြင်ယောင်နေသည်။
'မဟုတ်သေးပါဘူး သူ့ကို ငါက ဘာလို့ သတိရမိနေရတာလဲ'နွေရောင်....
ဝါကျင်ကျင် ပန်းချီမြင်ကွင်း တစ်ခုလို။
နွေရာသီ၏ ညနေခင်းတစ်ခု လို နွေထွေးသော ယောက်ျား။
'သူ့နာမည်ကို ဘာလို့ မေ့မသွားရတာလဲ။အမေ့ ဘကြီးနာမည်ကိုကျ ဘယ်လောက်မှတ်မှတ် သတိမရဘဲနဲ့'စူအောင့်အောင့် အမူအရာပြုလုပ်နေပေမယ့် ပန်းနုလွှာ နှလုံးသားက အပြုံးရိပ်သန်းနေပါသည်။
ကုတင်ပေါ် လှဲလိုက် ထလိုက် လူးလိုက် လှိမ့်လိုက် ဖြင့် အချိန်ကုန်ခဲ့ချေပြီ။
အဓိပ္ပါယ်မသိနိုင်ခဲ့သော အကြည့်တွေကို အဖြေရှာရင်း စွဲလန်းသည်ထက် စွဲလန်းလာခဲ့မိသော မျက်ဝန်းတစ်စုံ။
ထိုမျက်ဝန်းတို့အောက်တွင် နစ်မြုပ် ပျော်ဝင်လိုက်ချင်စိတ်တို့က အဆိပ်တစ်ခုနှယ် ပျံ့နှံ့လာသည်။
အဆုံးမရှိသော တွင်းတစ်ခုထဲ ခုန်ချမိလိုက်သလို မျောလွင့်နေသော ခံစားချက်တို့သည် တစ်စုံတစ်ရာ ကို အဖြေတွေ့ရှိခဲ့ပါလျှင်
ထိုသူ ကျောခိုင်းသွားရင်တောင် ပျောက်ကွယ်မသွားအောင် ဖက်တွယ်ထားမည်သာ အသေအချာ ဖြစ်ပါလိမ့်မည်။