ရေချိုးသန့်စင်ပြီးခါစမို့ ကိုယ်၌ အိပ်ပျော်စေမည့် အမွှေးနံ့သာများ ဆူးညှာ လိမ်းကျံလိုက်သည်။ မှန်ထဲတွင် ငယ်ရွယ်နုပျိုနေသည့်မိမိမျက်နှာကို ကြည့်ရင်း အနာဂတ်မှ မိမိကို ပြန်သတိရမိသည်။ ကြာလာတော့ အရာရာက နေသားကျလာသလိုရှိလည်း ဆူးညှာ နေသားမကျနေ။ Operationခန်းထဲဝင်နေရမည့်အချိန်မှာ နန်းဆောင်ကြီးထဲ မင်းသမီးတစ်ပါးအဖြစ် ကြော့မော့စွာ နေရခြင်းကို ဆူးညှာမနှစ်သက်နေခဲ့။ အားငယ်စွာ တွေးရလျှင် မရင်းနှီးသော ဤပတ်ဝန်းကျင်ကြီးကို ဆူးညှာကြောက်မိပါသည်။ ဘယ်ချိန်၌ အန္တရာယ်ကြုံရမလဲ စိုးထိတ်နေရပြီး ဘာကို ယုံကြည်ရမလဲမသိပေ။
"ကံကြမ္မာက ဘာကြောင့် ငါ့ကို အတိတ်ကို ပို့တာဖြစ်မလဲ၊ ဘာကြောင့်လဲ”
အကြောင်းအရင်းရှိမည်ဟု သေချာပေါက်ယုံကြည်နေပြီး ၎င်းအကြောင်းအရင်းကို ရှာဖွေရမည်။ ဒါမှလည်း ဆူးညှာ အနာဂတ်ကို ပြန်သွားနိုင်မည်မဟုတ်လား။
"မင်းသမီး”
အဋ္ဌာရူပက အသံပေးကာ ဝင်လာတော့ ဆူးညှာ ကြေးမုံမှတစ်ဆင့်ကြည့်ကာ ပြုံးလိုက်သည်။ သူမက ဘီးယူကာ ဆံပင်ကို အသာဖြီးပေးနေသည်။ ဖျင်နံကြမ်းရင်စည်းဝတ်ကာ ဟောင်းနွမ်းသောသိုရင်းအပါးထပ်ဝတ်ထားသည့်သူမရူပကာသည် အနေအစားဆင်းရဲသော သူဆင်းရဲလုံမငယ်ဟု ထင်ရက်စရာမရှိပေ။
"အဋ္ဌာရူပက ကုန်သည်လို့ ပြောတယ်နော်၊ သခင်မလေးဖြစ်ခဲ့မယ်ထင်တယ်၊ မိသားစုရော မရှိဘူးလား''
"ကျွန်တော်မတို့ စည်းစိမ်ကြွယ်ဝခဲ့ပေတယ်၊ သို့ပေသိ တစ်သက်စာရှာထားသမျှမှာ တိုင်းပြည်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရပြီး အဘက သုတ်သင်ခံရ ကျန်ခဲ့သည့် အစ်ကိုကြီး၊ မယ်မယ်နှင့်ညီမလေးက အဖမ်းခံရနှင့် အဋ္ဌာကတော့ ကျွန်အဖြစ် ရောင်းစားခံခဲ့ရတာပါ့ဘုရား”
အဋ္ဌာရူပသည် တည်ငြိမ်စွာ ပြောနေပြီး အဆုံးသတ်၌ ပါးပေါ်သို့ မျက်ရည်တစ်စက်ကြွေကျလာသည်။ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့်အတွက် မကြောက်ရွံ့တော့သည့် မိန်းမပျိုတစ်ဦး၏ရဲရင့်မှုများ အဋ္ဌာရူပမျက်နှာတွင် မြင်နေရသည်။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်