Chapter 57
ဖာဘီယမ်းလမ်းတစ်လျှောက် ပတ်ကြည့်ကြပြီး သူမတို့သုံးဦးသည် အနီးနားမှ ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြသည်။ ဤကော်ဖီဆိုင်မှာ အခုရေပန်းစားသောအချိုပွဲများဖြင့် နာမည်ကြီးသောဆိုင်ဖြစ်သည်။"မြို့တော်က တကယ်သာယာတာပဲနော်"
မေမှာ အပျော်တွေဖုံးလွှမ်းနေသောမျက်နှာဖြင့် တီးတိုးရေရွတ်နေလိုက်သည်။ သူမ ကော်ဖီဆိုင်လေးကို သဘောကျသည့်ပုံပင်။
"အထဲမှာလည်း သေချာ အလှဆင်ထားတာပဲ"
ဆာစီးနီယာလည်း အထဲသို့ကြည့်မိလိုက်သည်။ သူမ၏ အရင်ဘဝတွင် ကော်ဖီဆိုင်ပေါင်းများစွာ ရောက်ရှိခဲ့ဖူးသော်လည်း ယခုကမ္ဘာတွင်တော့ ပထမဆုံးရောက်ဖူးခြင်းပင်ဖြစ်သည်။ ထို့အပြင် မတူညီသော ကမ္ဘာတစ်ခုဖြစ်သောကြောင့် ဆိုင်အတွင်းဘက်တွင် သူမ မမြင်ဖူးသော ရှေးဟောင်းဒီဇိုင်းများဖြင့် အလှဆင်ထားသည်။ ရုတ်တရက်ကြည့်လိုက်လျှင် တန်ဖိုးကြီးမည် ထင်ရသော ရှေးဟောင်းပစ္စည်းများဖြင့် တန်ဆာဆင်ထားသည်မှာ ဆိုင်ရှိ ငွေဖယောင်းတိုင်ခုံသည်ပင် သာမန်နှင့်မတူပေ။
'မြို့စားမင်းခြံဝင်းထဲက ပစ္စည်းတွေကတော့ ဒီထက်ပိုဈေးကြီးမှာပဲ'
ဆာစီးနီယာက တွေးမိနေရင်း ဤနှစ်ခုကို နှိုင်းယှဉ်မရဟူ၍သာ အဆုံးသတ်လိုက်သည်။
'မြို့စားမင်းခြံဝင်းထဲက အလှဆင်ပစ္စည်းတစ်ခုတန်ဖိုးနဲ့တင် ဘဝက ပြောင်းလဲသွားနိုင်တယ်'
စံအိမ်တော်နှင့် ဥယျာဉ်ထဲတွင် အလှဆင်ထားသော ရုပ်ထုများနှင့် တန်ဆာပစ္စည်းများထဲမှ တစ်ခုကိုရောင်းချလိုက်လျှင်ပင် ဆင်းရဲသားတစ်ဦးမှာ ချမ်းသာသွားနိုင်သည်။ ဆာစီးနီယာမှာ မွှေးပျံ့သော ခပ်ခါးခါးရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင်း တွေးနေမိသည်။
"ဒါပေမယ့် ညီမအခုတလော စံအိမ်တော်ထဲမှာ မြို့စားမင်းကို မမြင်မိသလိုပဲ"
မေက လှပသောမုန့်လေးကို မစားနိုင်ဘဲ ကိုင်ထားရင်း တတွတ်တွတ်ပြောလိုက်သည်။ သူမသည်လည်း ဘန်ကို မမြင်ရတာကြာပြီဖြစ်သဖြင့် ပြောလိုက်ခြင်းဖြစ်မည်။