2022ခုနှစ်။ အနည်းငယ်စူထွက်နေသည့်ဝမ်းဗိုက်ပေါ် လက်တင်ရင်း လွင့်ခြယ်သည် ကောင်းကင်ပေါ်မှ ပေါက်ခနဲ ကြွေကျလာသည့် မိုးရေစက်တိုင်းကို မှန်ပြတင်းမှတစ်ဆင့် ငေးမောနေလေသည်။ အသက်ရှင်ရန် ကံပါသည့်ကလေး။ တီညှာ အသက်ရင်း၍ ကာကွယ်ခဲ့သည့် ဝမ်းဗိုက်ထဲမှ ရင်သွေး။
တီညှာ ကားမတော်တဆဖြစ်ကာ ဦးနှောက်ကိုမာဝင်သွားတော့ လွင့်ခြယ်အကူအညီမဲ့သွားပြီး ကိုယ်ဝန်ဖျက်ချရဲသည့်သတ္တိလည်းမရှိပေ။ လွင့်ခြယ်ကိစ္စကိုလည်း လူကြီးတွေ သိသွားကြပြီး လွင့်ခြယ်ချစ်သူကို ဆက်သွယ်သည်။ ချစ်သူဘက်ကလည်း သူ့မိဘသဘောတူထားသည့်မိန်းကလေးကို ငြင်း၍ လွင့်ကို မြတ်မြတ်နိုးနိုးလက်ထပ်ကာ နှစ်ဖက်ညှိနှိုင်းရာ၌ အားလုံးအဆင်ပြေသည်။ လွင့်ကြောင့် လွင့်တို့အသိုင်းအဝိုင်းမျက်နှာမပျက်ရသလို ကလေးဖျက်ချစရာမလိုသည့်အပြင် လွင့်ချစ်သည့်ယောက်ျားနှင့်ပင် နှစ်ယောက်တစ်ဘဝတည်ထောင်နိုင်ခဲ့ပြီ။
သို့သော် လွင့်ချစ်ရသော လွင့်၏တီလေးက လွင့်ကြောင့် ယနေ့အချိန်ထိ သတိမလည်လာခဲ့၍ စိတ်မကောင်းဖြစ်ရသည်။ တီညှာ၏ဒယ်ဒီ (လွင့်၏ဘိုးလေး)ဆရာဝန်ကြီးကလည်း တီညှာ့ကို အကောင်းဆုံးကုသနေပြီး ဘွားလေးဆိုလျှင် အမြဲငိုနေလေသည်။
နိုင်ငံခြား၌ ဒေါက်တာဘွဲ့ယူခဲ့ပြီး ဆေးပညာသုံးနှစ်ခန့်လေ့လာခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လာသည်မှာ မကြာသေးသည့်အပြင် သိပ်တော်သည့်ဆရာဝန်တစ်ဦးမို့ လူတိုင်းက နှမြောကြသည်။ စီနီယာဂျူနီယာဒေါက်တာများမှာ တီညှာ့ကို ချစ်ကြသဖြင့် အားလုံးက ပြန်ကောင်းစေချင်ပြီး စိတ်ရင်းနှင့် ပူပန်ကြသည်။
"တူ...တူ...တူ”
ဖုန်းမြည်သံကြောင့် လွင့်ခြယ် မှန်တံခါးဘေးရပ်နေရာမှ ဧည့်ခန်းသို့ လျှောက်လာသည်။ မာမီက ဖုန်းပြောနေလေ၏။ ဆေးရုံနှင့် ပြောနေပုံရသည်မို့ လွင့်ခြယ် စိတ်ဝင်တစားကြည့်နေသည်။
"လွင့်ရေ သတင်းကောင်းပဲ၊ ညှာသတိရလာပြီတဲ့ကွယ်၊ မာမီတို့ အခုပဲ ဆေးရုံလိုက်သွားကြတာပေါ့၊ သမီးဒယ်ဒီက ကုမ္ပဏီကနေ တစ်ခါတည်းဆေးရုံဝင်မယ်တဲ့”
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်