Arc 8 part 15

34 3 0
                                    

        မြို့တော်သည် ကောင်းကင်ဘုံရှိရာဘက်ခြမ်း၌ဦးတည် တည်ဆောက်ထားသည်ဟု အဆိုရှိလေရာ Hiraki လည်း သူ့ကြင်ယာတော်ပိုင်သည့် ဤတည်းခိုခန်းမှာ ငရဲနှင့်အနီးကပ်ဆုံးနေရာတွင်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ မီးဟုန်းဟုန်းတောက်ကာ ပူလောင် လောင်မြိုက်နေရမည့်အစား အေးချမ်းကာ တည်ငြိမ်နေသဖြင့် Hiraki ၏မျက်နှာထက်တွင် သရော်ပြုံးတစ်ခုဖြစ်တည်လာသည်။

      Misaki သဘောတူညီမှုပြုလုပ်ပြီး၍ Hiraki အား လာရှာချိန်တွင် အနှီယောက်ျားသည် ရွက်ကြွေပင်အောက်၌ လက်ဖက်ရည်တစ်အိုးဖြင့် ဇိမ်ကျနေသည်ကို တွေ့လိုက်ရသည်။ ကြိုတင်၍ နားထင်ကိုသာ ဖိနှိပ်မိလိုက်တော့သည်။ တစ်ဖက်လူသည် ငြိမ်သက်ကာ ညင်သာသည့်အသွင်ဆောင်လေလေ ထိုလူ၏ဒေါသမှာ ကြီးမားလေလေဖြစ်ကြောင်း သူမ သိနေသည်။ ထင်သည့်အတိုင်းပင် သူ့နံဘေး အနီးကပ်ဆုံးသို့ ရောက်ရှိသွားသည့်တိုင် အကြည့်တစ်ချက်ပင် စွန့်ကြဲမလာပါ။ ဒီနေ့အတွက် ဒီတောင်ကိုမကျော်ဖြတ်နိုင်လျှင် နောက်နေ့ထွက်မည့်နေကို မမြင်ရမှာ သေချာသလောက် ရှိနေသဖြင့် misaki ကပဲ အရင်စကားစလိုက်သည်။

      "ဒီအပင်က ရွက်ကြွေပင်လို့ ခေါ်တယ် လက်ဖက်ရည်သောက်ပြီး ရှေးဟောင်းနှောင်းဖြစ်ပြောဖို့ နေရာကောင်းမဟုတ်ဘူး"  ထိုစကားဟာ အန္တရာယ်ကို အသိပေးနေမှန်း သေချာနေသည့်တိုင် ငယ်ရွယ်စဉ်ကထဲက လူတိုင်း၏အမြင့်၌ရှိခဲ့ပါသော အာဏာရှင်ကြီး Hiraki အတွက်တော့ သူ့ကြင်ယာတော်က ဒီလိုအရိုအ‌ေသတန်သည့်လေသံမျိုးကို သုံးကာ သူ့အားခြိမ်းခြောက်နေသည်ဟုသာ တွေးမိလေသည်။

       သူမ ပိုင်နက်ဖြစ်နေ၍ သူ့ကို မထီမဲ့မြင်ပြုရဲခြင်းဖြစ်မည်။ ငြိမ်သက်နေသော ဒေါသမုန်တိုင်းမှာ တစ်ဖန်ပြန်လှိုင်းထလာပြန်သည်။ Hiraki သည် မီးတောက်တော့မတတ်ဖြစ်နေသည့် မျက်လုံးများဖြင့် misaki အား ကြည့်လိုက်သော် ထိုအမျိုးသမီးသည် သူ့ခွက်အားသုံးကာ အခါးရည်တမြမြဖြစ်နေသည်ကို တွေ့လိုက်ရသည်။

         "အရှက်ကို မရှိဘူး" Hiraki သည် အင်္ကျီလက်ကို အားပြင်းပြင်းဖြင့် ခါထုတ်လိုက်ပြီး ဤစိတ်ကျဉ်းကျပ်ဖွယ်နေရာမှ ထွက်သွားချင်ခဲ့သည်။ သို့သော် သူ မတ်တပ်ထရပ်လိုက်လျှင်ပဲ ခြေလက်များမှာ တောင့်တင်းလျက် လှုပ်၍မရတော့ပေ။ ရွက်ကြွေပင်သည် သူ့ထောင်ချောက်အတွင်း ကျလာသည့် သားကောင်အား ဝါးမျိုရန် မစောင့်နိုင်သကဲ့သို့ အကိုင်းအခတ်များကို ပျော်ရွှင်စွာ လှုပ်ရမ်းနေသည်။ Hiraki ၏ခြေထောက်များသည် မြေပြင်မှထိုးထွက်နေသော အမြစ်များဆီမှ ချုပ်နှောင်ခံထားရသည်။ အကာအကွယ်ဝတ်စုံက အလုပ်မလုပ်တော့ခြင်းမဟုတ်ပါဘဲ သူကိုယ်တိုင်က ဒေါသထွက်နေသဖြင့် ထိုဝတ်ရုံကိုချွတ်ကာ အဝေးသို့ပစ်ထုတ်လိုက်မိခြင်းဖြစ်သည်။

How to flirt with the final boss 2Where stories live. Discover now