''ဒီနေ့အပြင်ထွက်ရင် ငါမလိုက်တော့ဘူးနော်...''
ပို့နေကျစာတွေထက် များစွာတိုတောင်းတဲ့ sms တစ်စောင် ။ စာတိုလေးကို အထပ်ထပ် အခါခါ ပြန်ဖတ်နေရင်း မျက်ဝန်းတွေကို မှိတ်ချပစ်လိုက်ရသည် ။လွန်ခဲ့တဲ့ မိနစ်များဆီက အပြင်ထွက်ဖို့ တက်ကြွစွာ ဖီးလိမ်းပြင်ဆင်နေတဲ့ ဖြူစင်လွန်းက ဘယ်ရောက်သွားပါလိမ့် ။ မှန်ထဲကို လှမ်းကြည့်တော့ မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းအစုံက ကိုယ့်ကိုပြန်ကြည့်နေသည် ။ အခုရက်ပိုင်းအတွင်း မကြာခဏ ငြင်းပယ်ခံရသူက မှန်ထဲကနေ ကိုယ့်ကိုငေးလို့ ။
မှန်တင်ခုံပေါ် ဆတ်ခနဲ ပစ်တင်လိုက်မိတဲ့ဖုန်းကို အသာအယာ ပြန်ကောက်ယူရသည် ။ တစ်ခုခု တုန့်ပြန်ရမယ်လေ ။ ဘာကြောင့်လဲဆိုတာ မေးကြည့်ဖို့ ဖုန်းခေါ်ရမလား ။စာပြန်ပို့ရမလား ။ဘာလုပ်ရမယ်မှန်းမသိ တွေဝေနေစဥ် လက်ထဲက ဖုန်းက တုန်ခါလာသည် ။
NT ဆိုတဲ့ နာမည်ကို တွေတွေငေးငေးကြည့်နေမိပြီးမှ ဖုန်းလက်ခံလိုက်သည် ။
''ဆောရီးနော် လွန်း...ချိန်းထားပြီးမှ တခြားကိစ္စပေါ်လာလို့...နောက်ရက်ထပ်ချိန်းကြတာပေါ့...''
''ရပါတယ်...''
စာပို့ပြီးမှတော့ ထပ်ပြီးဖုန်းဆက်ဖို့ လိုအပ်သေးလို့လား။
''ဒီမှာလေ ညီညီရောက်လာပြီး မုန့်သွားစားဖို့ အတင်းခေါ်နေတာ...ငြင်းရမှာ အားနာလို့လေ...''
လာပြန်ပြီ ညီညီ။ အခုတလော ကိုယ့်စိတ်ကို အနှောင့်အယှက်ပေးနိုင်လွန်းတဲ့နာမည် ။ မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်မျက်နှာထားက ရုတ်တရက်တင်းမာသွားပေမဲ့ လေသံကတော့ မျက်နှာထားနဲ့ ဆန့်ကျင်ဘက်မှာ ။
''ရပါတယ် သွားပါနုသစ်ရဲ့...ဘာမှမဖြစ်ဘူးလေ...ငါနဲ့ချိန်းထားတာ အရေးတကြီး ကိစ္စမှမဟုတ်တာ...နောက်ရက်ပြန်ချိန်းကြမယ်လေ နော်...''
ရင်ထဲက ဆန္ဒအမှန်အတိုင်း ဆိုရင်တော့ အခုချက်ခြင်းပြေးသွားပြီး
ညီညီဆိုတဲ့ ကောင်ရှေ့ကနေ သူ့ကို လက်ဆွဲခေါ်လာလိုက်ချင်သည်။''အေးအေး...ပြီးရော...ဘာမှမဖြစ်လည်းပြီးရော...''
တီခနဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့ ဖုန်းကို နားမလည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ကတိဖျက်ခံရတာက ကိုယ်။စိတ်ဆိုးသွားတာက သူ။