Arc 9 Fated

51 2 0
                                    

      တကယ်တော့ ကိုယ်တို့ကြားမှာ ဘာကံကြမ္မာဆိုတာမျိုးမှ မရှိခဲ့ပါဘူး။ လူတွေ ပျားပန်းခတ် လှုပ်ရှားသွားလာနေတဲ့ လမ်းမထက်မှာ တစ်ချက်အကြည့်နဲ့တင် ကိုယ်က မင်းဆီမှာ ငြိတွယ်သွားမိရုံလေးတင်။ နောက်ပိုင်းဇာတ်လမ်းကတော့ ကိုယ့်ရဲ့ မင်းဆီကို အရောက်လှမ်းလာခဲ့တဲ့ ခြေလှမ်းတွေအကြောင်းပေ့ါ။

        အိုက်စက်ပူပြင်းလှသော နွေရာသီတွင်ဖြစ်သည်။ အမှတ် 1 ကျောင်းကြီးရှိရာ လမ်းမထက်တွင် ကျောင်းဝတ်စုံများနှင့် လူငယ်များက နွေရာသီအား ငယ်ရွယ်မှုတို့ဖြင့် လွှမ်းခြုံနေစေသည်။ ထိုလင်းကျင်းသည့်နေ့ခင်း တက်ကြွနေသည့်လှုပ်ရှားမှုများနှင့် ပြောင်းပြန်ဆန့်ကျင်လျက်ရှိသော အေးစက်စက်မှောင်မိုက်သော ကျောင်းနောက်ဖေးလမ်းမထက်တွင်တော့ ဆိုးသွမ်းသည့်လူငယ်လေးသည် ဦးထုပ်ကို မျက်နှာသွယ်သွယ်လေးအား ဖုံးအုပ်သွားသည်အထိ ဆွဲချပြီးနောက် သူ့အားကျောပေးရင်း ဒူးထောက်ကာ ပျော့ခွေနေသော ချောမောသည့် လူငယ်အား မေ့လဲသွားသည်အထိ ကန်ချက်ပြင်းပြင်းတစ်ခု ပေးလိုက်သည်။ ထိုမြင်ကွင်းကြောင့် ခပ်ချောချောလူငယ်အား အနိုင်ကျင့်နေသည့် လမ်းသရဲအုပ်စုမှာ ပါးစပ်မစိနိုင်အောင်ပင် အံ့ဩသွားကြသည်။

     လူငယ်လေးနှစ်ယောက်၏ကျောင်းဝတ်စုံများမှာ ဆင်တူနေပြီး တစ်ကျောင်းတည်းသားချင်း သိသာလှသည်။ သူတို့လမ်းသရဲအုပ်စုမှာ လူပြတ်ကာ ချောင်ကျသည့်နေရာများတွင် ဖြတ်သွားဖြတ်လာများဆီမှ ခြိမ်းခြောက်ငွေတောင်းကာ အနိုင်ကျင့်ဗိုလ်ကျရသည်ကို အလုပ်အကိုင်အဖြစ် မှတ်ယူထားသူများဖြစ်သည်။ ထို့ကြောင့် လူရိုက်သည့်ကိစ္စတွင်လည်း အထိုက်အလျောက် အတွေ့အကြုံရှိကြသည့်အတွက် ထိုကျောင်းသားလေး၏ကန်ချက်မှာ အရိုးများအက်သွားသည်အထိ အားပြင်းကြောင်း ခန့်မှန်းမိလိုက်ကြသည်။ တကယ်တော့ ခုနက ကန်ချက်က သူတို့ခန္ဓာကိုယ်ပေါ် ရောက်မလာခဲ့လို့ အရမ်းဝမ်းသာနေခဲ့ကြခြင်းဖြစ်သည်။

      "ပျော့ညံ့လိုက်တာ" လူငယ်လေး၏ အနိမ့်အမြင့်အတက်အကျမရှိသော အသံထွက်လာချိန်မှ ‌လမ်းသရဲအုပ်စုသည်လည်း အသိပြန်ဝင်လာကာ သူတို့နှင့်မျက်နှာချင်းဆိုင်တွင် မတ်တပ်ရပ်နေသည့် သေမင်းလေးအား ပြိုင်တူကြည့်မိလိုက်ကြသည်။ စည်းတွေကမ်းတွေဆိုသည်အား ဖောက်ဖျက်ကာ တစ်ယောက်တစ်မျိုးစီ ကလေကချေဆန်နေကြသော လမ်းသရဲလူရမ်းကားအဖွဲ့ဖြစ်သော်လည်း ယခုအချိန် သူတို့စိတ်ထဲ၌မူ စကားတစ်ခွန်းသာရှိသည်။ ညီလေးရေ မင်းဇာတ်ညွှန်းမှားယူလာတာလားကွာ။

How to flirt with the final boss 2Where stories live. Discover now