ခဏအကြာတွင်တော့ William သည် misaki ဦးဆောင်သော ကျောင်းလူဆိုးလေးများက တည်တင်းကာ သွားရှုပ်၍မရသော မျက်နှာထားများဖြင့် လှေကားရှေ့တွင် ရပ်နေပြီး ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏လမ်းအား ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ အထက်တန်း ဒုတိယနှစ်များကို လေးထပ်ဆောင်၏အပေါ်ဆုံးထပ်၌ နေရာချထားလေရာ တစ်လမ်းလုံး ဇာတ်လိုက်အား တွဲကူလာရသည့် ဇာတ်လိုက်မသည်လည်း လေထုထဲရှိ ချစ်ခြင်းအငွေ့အသက်တို့ကို တကယ်မခံစားမိတော့ပါ။ အသက်တစ်ချောင်းမို့ ကယ်ခဲ့ပေမယ့် ဘယ်သူကထင်မှာလဲ ဒီလူက ဒီလောက်အထိ အထက်စီးဆန်ပြီး ပါးစပ်ဆိုးမယ်လို့။ တစ်လမ်းလုံးလည်း သူအပြစ်တင်သမျှ နားထောင်ခဲ့ရသောကြောင့် စိတ်ရောကိုယ်ပါ တကယ်ပင်ပန်းနေပြီဖြစ်သည်။
ထို့အပြင် ကြောက်မက်ဖွယ် အမူအရာနှင့် misaki ထံမှ အတားခံလိုက်ရသောအခါ သူမ၏စိတ်အခြေအနေမှာ လုံးဝ မတည်ငြိမ်နိုင်တော့ပါ။ တစ်ဖက်လူက သူမအပေါ် သိသိသာသာ မနှစ်မြို့တာမျိုးမပြဖူးသော်လည်း ဒီအချိန်တွင် ဘာလို့မှန်းမသိ misaki က သူမအား ခြိမ်းခြောက်နေသလို ခံစားလိုက်ရသည်။ ထို့အပြင် သူမတွဲထားပေးရသည့် အတန်းဖော်ပြောသလိုသာဆိုလျှင် misaki သည် အမှန်ပင် မာဖီးယားဂိုဏ်းနှင့် ပတ်သတ်ဆက်နွယ်မှုရှိပြီး သူမအပေါ် ရန်လိုနေသည့်ပုံပင်။ ကံကောင်းစွာဖြင့် ရုပ်ဖျက်ရန် တပ်ထားသည့် မျက်မှန်ထူထူကြောင့် သူမ၏အကြောက်တရားများကို misaki မှလွဲ၍ မည်သူမှ သတိမထားမိခဲ့ပါ။ သူမနှင့် အသားချင်းထိစပ်နေသော ဇာတ်လိုက်ပင်လျှင် သူမတုန်ယင်နေကြောင်း လုံးဝ သတိမမူမိပါ။
"ကိစ္စရှိလို့လား" ဇာတ်လိုက်သည် မျက်မှောင်ကျုံ့လိုက်ရင်း မကျေမချမ်းဖြစ်နေသော လေသံဖြင့်ဆိုလာကာ လူတိုင်း၏အာရုံကို ဆွဲယူနေသည်။ တစ်ဖက်လူက သူ့အား မရိုက်နိုင်ကြောင်း လုံးဝသေချာနေသလိုမျိုးပင်။ ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်သက်နေသည့် William ထံမှ ဟမ့်ခနဲ လှောင်ရယ်သံထွက်လာပြီး တစ်ချိန်တည်းမှာပင် misaki သည်လည်း အသံလွင်လွင်လေးများ ထွက်လာသည်အထိ ရယ်မောလိုက်သည်။
"မဆိုင်တဲ့လူဖယ်" ကျောင်းဝတ်စုံကို အပြည့်အစုံဝတ်ထားဆဲဖြစ်သည့်တိုင် misaki ထံတွင် ကျောင်းသူတစ်ဦးတွင် မရှိနိုင်သည့် တစ်ဖက်လူအား အမိန့်ပေးနိုင်သော အရှိန်အဝါများ ထွက်ကျလာသည်။ William ငေးမောနေစဉ်မှာပင် misaki သည် ဇာတ်လိုက်အား ကော်လံမှကိုင်၍မကာ လှေကားထောင့်ချိုးသို့ ပစ်သွင်းလိုက်သည်မှာ အသုံးမလိုတော့သော အမှိုက်အား အမှိုက်ခြင်းထဲ ပစ်သွင်းလိုက်သလို သေသပ်လှသည်။ ထိုအမှိုက်ဖယ်ရှားသည့်မြင်ကွင်းမှာ William အား တကယ့်ကို နှစ်ထောင်းအားရဖြစ်စေသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.