Episode 21
Uni + Zaw
ထိုသူ၏ ပြင်းထန်သောဝေဒနာကိုခံစားနေသည်မှာ မြင်လိုက်ရသူအဖို့ပင်မချိမဆံ့။ဒေါင်းလွမ်းဏီကိုမြင်တော့ ပြူးထွက်နေသောမျက်လုံးသည် အပြင်ဘက်သို့ထွက်ကျတော့မလိုပင်။
မြင်မကောင်းလောက်အောင် အရေပြားများတွဲကျနေသောမျက်နှာတွင် အံ့သြထိတ်လန့်မှုတို့ဖြစ်ပေါ်လာသည်။အလွန်အင်မတန်မှ ပိန်လှီနေသော အရိုးပေါ်အရေတင်ခန္ဓာကိုယ်သည် ရုတ်တရက် အကြောများဆွဲပြီး လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
ဒေါင်းလွမ်းဏီအားကြောက်စရာကောင်းသော မျက်လုံးများနှင့်အံ့သြတကြီးစိုက်ကြည့်နေပြီး နှုတ်မှတဖွဖွအော်ဟစ်လေသည်။သို့ပေမဲ့ ခွန်အားဟူ၍ တစ်စက်ကလေးမျှမရှိ၍ နှုတ်မှရေရေရာရာဘာသံမှထွက်မလာပေ။မျက်ရည်များစီးကျပြီး ဗလုံးဗထွေးငိုညည်းသံများကြား ကြောက်လန့်တကြား တတွတ်တွတ်ရေရွတ်နေသော ပြာနှမ်းနေသည့် နှုတ်ခမ်းတစ်စုံကိုသာတွေ့မြင်ရသည်။
ထိတ်လန့်တုန်လှုပ်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောများဆန့်ငင်လာသည်မှာ ခုတင်နှင့်ကျောပြင် တစ်ထွာကျော်မျှကွာဟသွားသည်အထိ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။ထိုသူ၏ ဒေါင်းလွမ်းဏီကိုကြည့်နေသော မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့အထင်းသား။တစ်ခဏအတွင်းပင် ထိုသူ၏ခံစားနေရသော နာကျင်မှုဝေဒနာမှာ အဆမတန်ပိုမိုပြင်းထန်လာသလိုပင်။
အဆိုးရွားဆုံးအချက်မှာ ထိုသူ၏ ခန္ဓာကိုယ်တွင်နေရာအနှံ့ အနာများ အစုလိုက် အပြုံလိုက် ပေါက်နေခြင်းဖြစ်သည်။၎င်းအနာများမှာ မြင်လိုက်တာနဲ့ပင် ရွံစရာကောင်း၏။ အနာများသည် ပြည်တည်ရောင်ကိုင်းနေပြီး အရည်များစိမ့်ထွက်စီးကျနေသည်။အရေပြားနှင့်အရိုးသာရှိသော ခန္ဓာကိုယ်သည် များပြားလှသော ပြွတ်သိပ်နေသည့်အနာများအား ဝန်နှင့်မမျှမနည်းထမ်းပိုးထားရသည်။
ရုန်းဖို့လှုပ်ဖို့ပင် ခွန်အားမရှိသောခန္ဓာကိုယ်သည် အကြောများဆန့်ငင်ပြီး ခုတင်ထက်လူးလွန့်လာသောကြောင့် ခြောက်စပြုနေသောအနာများသည် ပွန်းပဲ့ကာ ပြည်များ၊သွေးစများပါ စီးကျလာသည်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...