ဝိဉ္ဈာဋိဝိ... ဟူ၍ အမည်ရှိသည့် တောအုပ်။
သည်တောအုပ်ရှိရာသို့ အရှင်မောဂ္ဂလန်သည် ဈာန်တန်ခိုးဖြင့် တောင်စဉ်ခရီးလှည့်လည်တော်မူရာက ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
တောအုပ်ကြီးအတွင်းမှာတော့ မီးရှူးမီးပန်းတွေ ပစ်လွှတ်ဘိသည့်အလား... ရောင်စဉ်တွေဖွေးဖွေးလှုပ်ကာ ဖွားခနဲဖွားခနဲ ဆိုသလို အထက်သို့ တက်တက်လာကြချေ၏။ သည်သို့သည်နှယ် အမြင်အာရုံဆန်းပြား လှသည့်အတွက် ရှင်မောဂ္ဂလန်လည်း ထိုအနီးအနားသို့ သွားရောက်ကာ ခေတ္တရပ်တန့်လျက် ကြည့်ရှုနေမိတော့လေ၏။
“အို... တော်တော်လေးဒုက္ခကြီးတဲ့ ပြိတ္တာမိသားစု ပါဘဲလား” သည်လိုမှတ်ချက်ပြုစုရလောက်အောင်ပင် လေးဦးသောပြိတ္တာမိသားစု၏ ဝဋ်ကြွေးကား ကြီးမားလှပါဘိ။ ထိုပြိတ္တာမိသားစုသည် အရှင်မောဂ္ဂလန်ကို မြင်တွေ့လိုက်ရသည့်အခါ ထိတ်လန့် တုန်လှုပ်သွားကြပါချေ၏။ သည့်နောက်မူလခံစားနေရသည့် ဝဋ်ဒုက္ခအတိုင်းပင် ဆင်းရဲပင်ပန်းစွာ ခံစားနေပြန်ပါတော့၏။ ဤသို့ဤနှယ် စိတ်သက်သာဖွယ် အလျဉ်းမရှိသည့် မြင်ကွင်းကိုကြည့်ရင်း ရှင်မောဂ္ဂလန် မေးပါလေတော့၏။
“အို...ပြိတ္တာအပေါင်းတို့။ သင်တို့၏ အဖြစ်ဟာ အင်မတန်မှ ဆိုးရွားလှပါကလား။ သင်တို့လေးဦးရှိသည့်အနက် တစ်ဦးက ကိုယ့်ခေါင်းပေါ်ကို ကိုယ်ကိုယ်တိုင် ဖွဲမီးတွေ ကြဲချနေတယ်။ ဟို... တစ်ဦးကလည်း ကိုယ့်ဦးခေါင်းကို ကိုယ်ကိုတိုင် သံတင်းပုတ်ကြီးနဲ့ ထုနှက်ပြန်တယ်။ နောက်တစ်ဦးကျပြန်တော့... ကိုယ့်ကျောကုန်း အရေခွံအသားကို ကိုယ့်လက်သည်းနဲ့ကို ထိုးခြစ်ကော်ထုတ်ပြီး အသားတွေကို ခွာစားနေတယ်။ နောက်ဆုံးတစ်ဦးကျပြန်တော့ ရွံရှာဖွယ်အင်မတန်ကောင်းတဲ့ မစင်တွေကို မြိန်ရေရှက်ရေ စားနေပါကလား... အိုပြိတ္တာတို့ သင်တို့ခုလိုမျိုး ဖြစ်ပျက်ခံစားနေကြရတာတွေဟာ ဘယ်မကောင်းမှု အကုသိုလ်ကံတွေ ကျူးလွန်မိခဲ့လို့ပါလိမ့်”
ရှင်မောဂ္ဂလန်၏ အမေးစကားဆုံးလေတော့ ပြိတ္တာမိသားစုလည်း သူဖြေနိုး ငါဖြေနိုးဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက်ငေးကြည့်နေမိကြလေ၏။
YOU ARE READING
မစင်စားတဲ့ ပြိတ္တာမ
Horrorဖတ်လို့ကောင်းသည့် ဇာတ်လမ်းလေးများနှင့် စာအုပ်လေးများကို တင်ဆက်ပေးမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ။ မူရင်းရေးသားသူများကိုလည်း လေးလေးစားစားဖြင့် တင်ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်ပန်အပ်ပါသည်။