Zawgyi
ကန်ရေကြည်ကြည်ထဲ လွန့်လူးကူးခတ်နေတဲ့ နေဝန်းအာဏာကို နိုင်စိုးက ပီကယ်ချိုချိုတွေဝါးရင်း မျက်မှောင်ကုပ်လို့ ရပ်ကြည့်နေမိတယ်။ အေးစက်စက် နှလုံးသားမရှိတဲ့ နတ်ဆိုးကောင်ကြီးကို ဘယ်သူက ချစ်တတ်အောင် လာသင်ပေးနေတာလဲ?
အတွေးတွေနဲ့အတူ အကြည့်တွေကို နေရာရွှေ့တော့ ကန်ဘောင်နားထိုင်နေတဲ့ ကောင်စုတ်လေးတစ်ကောင်ကို သူတွေ့ပါ၏။ ထိုကောင်လေးအား မည်သို့မည်ပုံ ပထုတ်ရမည်နည်း။ သင်္ချာပုစ္ဆာများကို အထေ့အငေါ့မရှိ ဖြေရှင်းနိုင်ခဲ့သော်လည်း ဒီပုစ္ဆာလှလှလေးကိုတော့ နိုင်စိုး ဖြေရရှင်းရ ခက်ကြပ်နေလေသည်။ မတတ်သာပေမဲ့ ချမ်းဝေသည် နာမည်အတိုင်း အေးချမ်းကာ ငြိမ်းချမ်းသောအကြည်ဓာတ်ကလေး တစ်ခုရှိသည်။
လက်ထဲတွင် ဂျယ်လီနှင့်တူသော မုန့်လေးတစ်ချို့ကို ကိုင်ထားကာ တမြုံ့မြုံ့ဝါးနေရင်း ကိုကြီးကိုငေးကြည့်နေသည်။ ရေထဲကနေ တက်မလာသေးဘဲ ဟိုဘက်ကန်ဘောင်ကိုရောက်ရင် အဝေးက တစ်ခါ ဒီဘက်ကန်ဘောင်ကိုရောက်ရင် အနီးကပ်တစ်ခါ စွဲစွဲငင်ငင်ကြီး ပြန်ကြည့်တဲ့ ကိုကြီးက တအားသိသာလွန်းမနေဘူးလား။ ခွေးသွားမေးတောင် ချမ်းဝေကို နေဝန်းအာဏာကြိုက်နေတယ်ဆိုတာ သိမယ်။
မနက်က ချော့သလိုလို ခြောက်သလိုလိုနဲ့ မစားဘဲချန်သွားတဲ့ ကြက်ဥအနှစ်တွေကို အတင်းကျွေးလို့ အကို့ကို စကားမပြောချင်။ ရေကန်ထဲကနေ ရင်ခုန်အောင်လာလာကြည့်ပြီး မထိတထိလေး ရေနဲ့လာလာပက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက နေဝန်းကို တည့်တည့်ကြီး မကြည့်ရဲတော့ ခိုးကြောင်ခိုးဝှက်ရယ်။ ခိုးကြည့်တာမိသွားတိုင်း မွှေးညှင်းလေးတွေ တဖြန်းဖြန်းထောင်တက်လာတော့ အကိုကျီဆယ်ပြီးပက်တဲ့ ရေစက်ရေပေါက်ကလေးတွေက ထိုမွှေးညှင်းလေးတွေမှာ ခိုလို့တွဲလို့ တဝဲလည်လည်။
ဝဲဂယက်ငယ်လေးမှာ ပိတ်မိတဲ့ လှေငယ်ကလေး တစ်စီးလိုပါပဲ။ အကိုက အမျိုးမျိုးပြုစားတတ်တယ်။ မနေ့ကအထိ ဝမ်းနည်းရအောင် လုပ်ပေမဲ့ ဒီနေ့ကျ ကလူကျီဆယ်စနောက်နေပြန်သည်။
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခုသော်ငြား တိုးတိုးတိတ်တိတ်နဲ့ စိုးထိတ်စရာ တဒိတ်ဒိတ် ခုန်လှုပ်နေပါသော ရင်ခုန်သံကတော့ဖြင့် ချမ်းဝေနားထဲ ကျယ်ကျယ်လောင်လောင်ပင်။
BẠN ĐANG ĐỌC
Even The Devil , Once An Angel(COMPLETED)
Lãng mạnSatan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23 9.8.24