"လိုအင်ဆန္ဒတွေ။ လောကမှာကြောက်ဖို့အကောင်းဆုံးအရာက လိုအင်ဆန္ဒတွေပဲမဟုတ်လား။ ဒီ ဆန္ဒတွေကြောင့်ပဲ စစ်ပွဲတွေဖြစ်ကြတယ်။ သူ့ကြောင့်ပဲ လုယက်မှုတွေ၊ အိမ်ထောင်ရေး ပဋိပက္ခတွေဖြစ်ကြတယ်မဟုတ်လား။ အက်ဒဝပ်။ မင်းဆို လိုအင်ကြောင့် ရည်းစားနှစ်ယောက်ထားမိတာ အတော်လေးပြဿနာတက်သွားသေးတယ်နော်"
ဝီလျံ၏စကားအဆုံးတွင် နားထောင်နေသူအပေါင်းလည်း ဝါးခနဲရယ်မောကြသည်။ အက်ဒဝပ်ဆိုသူမှာလည်း စိတ်ဆိုးခြင်း အလျင်းမရှိပဲ လိုက်၍ရယ်မောလေ၏။ ဝီလျံ၏ ကလေးနှစ်ယောက်အနက် သားငယ်လေး ဂျက်ကောပ်သည်ပင် ပြုံးမိသွားသည်။ အမွှာသမီးငယ် ဒါလီယာကတော့ အိပ်ပျော်နေစဲ။ ထို့နောက်တွင် ဝီလျံက ဆက်လက်ပြီး
"ငါတို့လူမှုဘဝမှာဖြစ်ပျက်နေတဲ့ ဒုက္ခအပေါင်းဟာ လိုအင်ဆန္ဒကြောင့် ဖြစ်ရတာတွေကြီးပါပဲ။ ဒါကြောင့် ငါတို့တွေရဲ့ အလိုတွေနည်းသွားအောင် တရားထိုင်ကြရမယ်"ဟုဆိုလေလျင် သားငယ် ဂျက်ကောပ်၏ အမူအရာမှာပျင်းရိသော အမူအရာသို့ ရောက်သွားတော့သည်။ သူ့အဖေမှာ ထူးဆန်းသောစကားများကို ပြောဆိုပြီးသည့်နောက်ဆုံးတွင် အမြဲတမ်း ဤဘူတာသို့သာ စိုက်ရောက်တတ်လေသည်။ ပျင်းဖွယ်ကောင်းလှ၏။ ဂျက်ကောပ်သည် တရားထိုင်ခြင်းကို မုန်းတီးစိတ်ပင်ဝင်လာခဲ့ဖူးသည်။
ဝီလျံ ဒါးရော့ သည် ရှမ်းရှမ်းတောက်အောင်မြင်ခဲ့သော ကမ္မဌာန်းဆရာဖြစ်ခဲ့သည်။ သူသည် ဟိမဝန္တာဒေသ၌ တရားဓမ္မနှင့် ဂန္ဒာရီအတတ်တို့ကို သင်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် တရားစခန်းများကို ဖွင့်လှစ်ကာ တရားထိုင်နည်းများကို ပို့ချခဲ့သည်။ သူသည် ဥပဓိရုပ်တည်ကြည်၍ အာဝဇ္ဇန်းရွှင်သည်။ အသံမှာ လေးနက် ခံ့ညားပြီး သြဇာအပြည့်ပါသည်။ ဟာသဉာဏ်လည်းရှိသည်။ သူ့စကားသံသည် လူတိုင်းကို တရားထိုင်ချင်လာအောင် ဆွဲဆောင်နိုင်သည်။ ထို့ကြောင့်ပင် သူ၏ တရားထိုင်နည်း ပို့ချချက်များမှာ အလွန်အောင်မြင်ခဲ့ခြင်းဖြစ်သည်။
သူ၏ တရားစခန်းများတွင် အလွှာဆုံမှ လူမျိူးစုံတို့ပါဝင်လာကြသည်။ ထိုသူများသည် များသောအားဖြင့် မျှော်လင့်ချက်မဲ့နေသူများ၊ ဘဝတွင် အရှုံးနှင့်ရင်ဆိုင်လိုက်ရသူများဖြစ်သည်။ ဝီလျံ၏တရားများသည် သူတို့ဘဝအတွက် မျှော်လင့်ချက်အသစ်များဖြစ်လာစေကာ အရှုံးကို ရင်ဆိုင်ရဲလာသည်ဟု ထိုသူများကဆိုကြသည်။ သူတို့အတွက်တော့ သူသည် ဂုရုကြီးတစ်ပါးဖြစ်သည်။ ဝီလျံသည် သူတို့နှင့် စကားပြောလျင် သူကိုယ်တိုင်စကားပြောသည်ထက် နားထောင်ပေးသည်ကပိုများသည်။ ထို့နောက် အကြံများ အားပေးစကားများပေးတတ်သည်။ ထို့ကြောင့်ပင် သူသည်စကားပြောကောင်းသူဖြစ်လာခဲ့သည်။ သူသည် အလိုနည်းခြင်းတရားကို အဓိကထား၍ဟောလေသည်။ အလိုဆန္ဒလုံးဝမရှိဖြင်းအဖြစ်ရောက်စေရန် အမြဲတိုက်တွန်းလေသည်။ အလိုဆန္ဒလုံးဝမရှိတော့လျင် တနည်း အရာအားလုံးကို စွန့်နိုင်လျင် အမြင့်မြတ်ဆုံးလူဖြစ်လာမည်ဟု သူဟောလေ့ရှိသည်။
