အခန်း(၁၄)

1.6K 106 9
                                    

Zawgyi

မိုးသည်း‌သောညတစ်ညဖြစ်ခဲ့သည်။ စိုစွတ်နေသော မြေကြီးများနှင့် လုပ်ငန်းခွင်ထဲ ပြန့်ကျဲနေသော အမှိုက်များက မနေ့ညက ကြမ်းတမ်းမှုကို သက်သေပြနေလေ၏။ နေ့တိုင်းအလုပ်ထဲကို အစောကြီးရောက်တတ်သော သူမသည် attendant စာအုပ်ကို အရင်ဖွင့်ကြည့်သည်။ ထိပ်ဆုံးတွင်ရှိသော သူမ၏နေရာတွင် လက်မှတ်ထိုးလိုက်ပြီး စားပွဲခုံလေးတွင် ထိုင်ကာ ငြိမ်သက်နေသည့် ပတ်ဝန်းကျင်အား တစ်ချက်ငဲ့ကြည့်လိုက်လေသည်။ လက်ထဲကနာရီကိုတစ်ဖန်ပြန်ငုံ့ကြည့်တော့ ၈နာရီခွဲ ၊ ဆိုက်မှာအိပ်တဲ့ ဦးလေး‌ကြီးတွေ မနိုးသေးတာလား သူမတွေးမိတယ်။

ဆိုက်စနေတာ နှစ်ဝက်ခန့်ရှိပြီမို့ သူမနှင့်အလုပ်သမားများက ရင်းနှီးနေပြီ။ အလုပ်ချိန် ကိုးနာရီကို အခုထိအရိပ်အယောင်မမြင်ရသေးတဲ့ ဦးလေးကြီးတွေ အိပ်ဆောင်နား သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။

အိပ်ဆောင်သည်ရှင်းလင်းနေ၏။ ဘယ်သူမှ မအိပ်ထားခဲ့သလိုမျိုး။

"ဦးလေးကြီး.."

သူမခပ်တိုးတိုးခေါ်လိုက်သည်၊ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည့် နေရာကြောင့် ကျောချမ်းလာပြီး မြန်မြန်လှည့်ထွက်မိတော့၏။

"အမယ်လေး!"

"လျှော..!! ဘုန်း!"

သူမခြေချော်ကျပြီ။ မြှီးညှောင့်ရိုးပါအောင့်သွားသည့်အပြင် ရေတွေစိုကုန်ပြီမို့ ပွစိပွစိပြောမိတော့သည်။

"အရေးထဲ! နာလိုက်တာ..ရေတွေကတစ်မျိုး"

ပေကျံသွားတဲ့ သူမလက်တွေကို ဖြန့်ကြည့်တော့ ရေမဟုတ်ဘဲ နီရဲရဲအရည်တွေ။

"ဟင်..ဘာတွေ..သွေး!"

သွေးတန်းကြီးသည် သူမ၏မျက်စိရှေ့တွင်၊ သူမချော်လဲသည်မှာ သွေးအိုင်ပေါ်၌။

"အား!!"

အထိတ်တလန့်ပင် အော်ဟစ်မိပြီး သူမထပြေးမိတော့သည်။ သွေးများ၏အဆုံးတွင် အသတ်ခံထားရသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးရှိလေသည်။ ဆောက်လက်စ အ‌ဆောက်အဦးသည် အကြီးပိုင်းတစ်ဦး၏ အသိုင်းအဝိုင်းနှင့် ဆက်နွယ်နေသဖြင့် သတင်းကား လျှင်လျှင်မြန်မြန်ပင် ပျံ့နှံ့သွားတော့သည်။

Even The Devil , Once An Angel(COMPLETED)Onde histórias criam vida. Descubra agora