"နောက်ကို မဆင်မခြင်မလုပ်နဲ့ အန္တရာယ်များတယ်" misaki သည် လူငယ်လေး၏ ချွေးစို့နေသော နဖူးထက်မှ ဆံနွယ်ပျော့ပျော့များကို နောက်သို့ သပ်တင်ပေးလိုက်သည်။ ပန်းသွေးရောင် မျက်နှာလေးသည် အဖျားကျသွားသောအခါ ဖြူဖျော့ကျန်နေခဲ့သည်။
William ကတော့ မျက်လုံးဖွင့်ကြည့်လာသည့်တိုင် ရီဝေဝေခံစားနေရဆဲပင်။ အန္တရာယ်များတယ် ဘာက အန္တရာယ်များတာလား။ သူက အန္တရာယ်လား။ မဟုတ်ဘူး။ misaki က သူ့ကို အပြစ်တင်နေသည့်လေသံနှင့် ပြောလိုက်တာမျိုးမဟုတ်ပေ။ အမျိုးမျိုးကြိမ်းမောင်းပြစ်တင်ခံရကာ လူတွေ၏တကယ့်အစစ်မျက်နှာကို မြင်ဖူးခဲ့သဖြင့် William သည် အသံကိုနားထောင်ရုံနှင့်တင် စိတ်ရင်းဟုတ်မဟုတ် ခန့်မှန်းနိုင်သည်။ သူမပြောတဲ့ အန္တရာယ်များတယ်ဆိုတာက သူ့အတွက် စိတ်ပူတယ်ဆိုတဲ့ အဓိပ္ပါယ်လား။ ထိုအခိုက်အတန့်တွင် William သည် သူ့ဦးနှောက်တစ်ခုလုံး လုံးဝအလုပ်မလုပ်မလည်ပတ်တော့သလို ခံစားနေရသည်။
မျက်စိရှေ့မှလူကို မယုံရဲတာမဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင်ကို ထိုလူက ကောင်းမွန်နေ၍ဖြစ်သည်။ သူသည် ဒီကမ္ဘာကို ကူးပြောင်းလာခါစ အချိန်တွင် ဘာခံစားချက်မှမရှိခဲ့ပေ။ မဟုတ်ဘူး။ စိတ်ပျက်မှု ဝမ်းနည်းမှု ရင်ဘတ်အတွင်းတဆစ်ဆစ် နာကျင်ကိုက်ခဲမှုတို့သာ ရှိခဲ့သည်။ ညတိုင်းလည်း မသေဆုံးခင်က အကြောက်တရားတို့က တဖန်ပြန်ပြန်ကျော့ကာ အိပ်မက်အဖြစ် ပေါ်လာပြီး အိပ်၍မရနိုင်ဖြစ်စေသည်။ သို့သော် အချိန်တစ်ခုကြာပြီးနောက်တွင်တော့ ထိုအရာတွေက အပြီးတိုင် ပျောက်ပြယ်သွားခြင်းမရှိခဲ့သော်လည်း သူ့အတွက် အရင်ကလောက် ခြိမ်းခြောက်မှုမရှိတော့ပေ။
ဒီကမ္ဘာသည်လည်း သူ့အတွက် အစိမ်းသက်သက် မဟုတ်တော့ဘဲ တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာသည်။ တစ်ခါတစ်လေဆို ဒီနေရာကမှ သူ့အတွက် နေရာမှန်ဟု ခံစားရချိန်များတောင် ရှိသည်။ ပထမဆုံးအကြိမ်အဖြစ် Robert ၏ရန်စလာမှုကို ကန်ချက်တစ်ခုဖြင့် တုန့်ပြန်လိုက်မိချိန်ကလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် misaki ၏ Robert အပေါ် ငြင်းဆန်လိုက်မှုကြောင့်လည်း ဖြစ်နိုင်သည်။ မဟုတ်ရင်လည်း ညီငယ်လေးတစ်စု၏ ပြောင်မြောက်သော တည်ရှိမှုကြောင့်ဖြစ်မည်။ ဒီကမ္ဘာသည် သူ့အတွက် စိတ်အေးချမ်းစရာ စိတ်လုံခြုံမှုပေးနိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ သူ့အဖေနှင့် Robert တို့ထင်ကြသလိုမျိုး ကမ္ဘာငယ်လေးတွေက အတုအယောင် တကယ်မရှိတာမျိုး ဟုတ်မနေတာလည်းဖြစ်နိုင်သည်။
VOCÊ ESTÁ LENDO
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.