Central Juvenile Hall, Los Angeles, CA
ဆောင်းဟွန်းမှာ အိမ်မရှိဘူး။ မွေးကတည်းက မရှိခဲ့တာမို့ ဒါထူးတော့မထူးဆန်းပါဘူး။ ပြောရရင် တိုက်ပိတ်ခံထားရတဲ့ ဒီမှောင်မည်းတိတ်ဆိတ်နေတဲ့ အခန်းကျဥ်းလေးက ဆောင်းဟွန်းဖြတ်သန်းခဲ့တဲ့ ၁၇နှစ်တာ တစ်သက်စာမှာ အိမ်နဲ့အနီးစပ်ဆုံးလို့ပင် ပြောလို့ရနေသည်။ ဒါကြောင့်ပဲ အားလုံးထိတ်လန့်နေကြတဲ့ တိုက်ပိတ်ခန်းကို ဆောင်းဟွန်းတစ်ယောက်တည်း ပြဿနာအမျိုးမျိုးရှာပြီး အိမ်ဦးနဲ့ကြမ်းပြင်လို သွားလိုက်လာလိုက် လုပ်နေမိသလားမသိတာ။ ကိုယ့်လက်တောင် ကိုယ်ပြန်မမြင်ရလောက်အောင် မှောင်မည်းနေတဲ့တိုက်ပိတ်ခန်းတွေက ဆောင်းဟွန်းနဲ့စိမ်းမနေခဲ့။ ကျပ်ညပ်သပ်နေတဲ့ နှစ်ထပ်ကုတင်တွေကြား စကားပြောဆူညံသံတွေထက် တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အေးအေးဆေးဆေး ထိုင်နေလို့ရတဲ့ တိုက်ပိတ်ခန်းက သာသေးတယ်လို့ ဆောင်းဟွန်းညည်းတော့ ကုတင်အပေါ်ထပ်က Rusty ကသူ့ကို ဆိုင်ကိုကောင်လို့ ခပ်တိုးတိုးဆဲသေးသည်။
မိဘမဲ့ဂေဟာကနေ လူငယ်ထိန်းသိမ်းရေးစင်တာကို ရောက်တဲ့ဒီအချိန်ထိ ဆောင်းဟွန်းမှာ ကိုယ်ပိုင်အခန်းရယ်လို့ တစ်ခါမှမရှိခဲ့ဖူးဘူး။ ကိုယ်ပိုင်အခန်းမပြောနဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခု မပိုင်ခဲ့ဖူးတဲ့ဆောင်းဟွန်းမှာ စေ့စေ့စပ်စပ် ရှာကြည့်စတမ်းဆိုရင် ပိုင်တာ နာမည်တစ်လုံးဖြစ်လိမ့်မည်ထင်သည်။ ဂေဟာတံခါးရှေ့မှာ တက်မတတ်ချက်မတတ် ငိုနေခဲ့တဲ့ သူ့ကိုထုပ်ထားတဲ့ အနှီးထုပ်ထဲ ဆောင်းဟွန်းလို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကလွဲ ဘာမှရှိမနေခဲ့။ အဲဒီတော့ အတိအကျပြောရရင် သူပိုင်တာ ဆောင်းဟွန်းလို့ရေးထားတဲ့ စာရွက်ဟောင်းတစ်ရွက်ရယ်၊ ထိန်းမနိုင်သိမ်းမရတဲ့ ဒေါသတွေရယ်။
ဆောင်းဟွန်းဆိုတဲ့အသံကြားတာနဲ့ စင်တာကလူငယ်တွေက ခပ်ဝေးဝေးက ရှောင်ကြသည်။ ဒီထဲကို ရောက်လာပြီဆို ဘာကြောင့်ရောက်လာလဲ ပြစ်မှုမှတ်တမ်းကို လူတိုင်းကို ပေးမသိတာမို့ တော်ရုံ လူငယ်တစ်ယောက် ဘာကြောင့်အထဲရောက်နေသလဲ ကိုယ်မှမပြောရင် မသိနိုင်ပေမယ့် ဆောင်းဟွန်းအဖြစ်ကတော့ ဟိုးလေးတကြော်မို့ မသိတဲ့လူမရှိခဲ့။
