Chapter 82နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ ပွေ့ဖက်ထားကြသည်။ ဆာစီးနီယာက သူ့ရဲ့ ကြီးမားပြီး နွေးထွေးတဲ့ လက်မောင်းများကြားမှာ ပို၍နက်နဲစွာ နစ်မြုပ်ထားမိသည်။ သူမရဲ့ နားထဲမှ ကြားနေရသော ဘန်ရဲ့ နှလုံးခုန်သံထက် သူမရဲ့ နှလုံးခုန်သံက ပို၍ မြန်ဆန်နေသလို ခံစားရသည်။
အရာအားလုံးက အဆင်ပြေခဲ့လေသည်။ အချိန်တွေသာ ဒီအတိုင်းလေးရပ်တန့်နေမည်ဆိုလျင် သိပ်ကောင်းမည်။ မိနစ်အနည်းငယ်ကုန်လွန်သွားတာနဲ့အမျှ သူမသည် သူ့ကိုဖက်ထားရာက လွှတ်လိုက်ပြီး ဘန်ကတော့ သူမကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသည့်အလား သူ့လက်မောင်းများကို တင်းကျပ်ထားဆဲဖြစ်သည်။
“မလုံလောက်ဘူး”
“ဟမ်”
“မလုံလောက်သေးဘူး.. အဲဒါကြောင့် နည်းနည်းလောက်ပိုပြီး ဖက်ထားခွင့်ပြုပါဦး”
သူမနဲ့ဝေးကွာခဲ့ရတဲ့အချိန်တွေကို ပြန်လည်ပေးဆပ်နေသည့်အလား ဘန်သည် သူမရဲ့ ခါးကို ပွေ့ဖက်ထားပြီး လက်မလွှတ်ပေးသေးချေ။ ဆာစီးနီယာက ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
အမှောင်ခန်းထဲမှာ တောက်ပနေတဲ့ လရောင်သည် အလွန်လှပ၏။ လမင်းကြီးက သူတို့နှစ်ယောက်အား ကောင်းချီးပေးနေသကဲ့သို့ အရင်ရက်တွေတုန်းကပို၍ တောက်ပနေခဲ့သည်။
“ဘန် နင်ဖြစ်စေချင်တယ်ဆိုရင် ငါအဲဒါကို မီးရှို့ပစ်လိုက်လို့ရတယ်”
နှစ်ယောက်လုံးရဲ့ အသက်ရှုသံတွေပဲကြီးစိုးနေချိန်မှာ ဆာစီးနီယာဘက်က အရင်ဆုံး အသံထွက်လာသည်။
“ဘာကိုပြောနေတာလဲ”
“မြေအောက်ခန်း”
ဘန်က ‘မြေအောက်ခန်း’ ဆိုတဲ့အသံကြားတာနဲ့ ထိတ်လန့်သွားပြီးမှ ညင်သာစွာပြုံးလိုက်သည်။ ဆာစီးနီယာက ပြောလိုက်တာက အရမ်းကိုတည့်တိုးဆန်လွန်းပေမယ့် ဒါကပင် သူမရဲ့ နဂိုပုံစံဖြစ်ပေသည်။ ဘန်ကတော့ သူမပြောသမျှကို သဘောကျနေမိတော့သည်။