Chapter 83ဆာစီးနီယာသည် ဘယ်လိုရှင်းပြရမှန်းမသိ။ သူမ ဘယ်လိုခံစားနေခဲ့ရလဲဆိုတာ သူ့ကိုပြောပြဖို့သာရှိသည်။ သူ့ကို ပြောပြစရာတစ်ရှိနေပြီး ထိုထက်ပိုတာကတော့ သူတို့ အခုအတူတူရှိနေကြခြင်းဖြစ်သည်။
“အားလုံးက ဒီလိုပါပဲ”
သူ့ရဲ့ ချစ်ခင်ကြင်နာတဲ့မျက်ဝန်းများနဲ့ ဆာစီးနီယာရဲ့မျက်နှာအား ကြည့်လိုက်၏။
“မတူဘူး.. ငါ့ကိုယ်ငါ မဟုတ်တော့သလိုခံစားနေရတာ…”
“စွမ်းအားတွေအကြောင်းကို ပြောနေတာလား”
အစောပိုင်းတုန်းက ဆာစီးနီယာပြောခဲ့တဲ့ သူမရဲ့ကျိန်စာနဲ့တူတဲ့စွမ်းအားတွေက သူ့ကိုနာကျင်စေလိမ့်မယ်ဆိုတဲ့အကြောင်းကို ဘန်က မှတ်မိသွားခြင်းဖြစ်သည်။
“ဟုတ်တယ် ငါမကြာခဏ သတိမေ့တတ်နေတယ်.. ပြီးတော့ ငါအသိပြန်ဝင်လာတဲ့အချိန်မှာ မီးပင်လယ်ကြီးဖြစ်နေပြီး တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ဒဏ်ရာရနေခဲ့တာ”
သူမ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အချိန်မှာ ကြိုးပြတ်ထွက်သွားသလိုပျောက်ကွယ်သွားတဲ့ သူမရဲ့ သတိတရားဟာ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်လေးတောင် မကြာမြင့်ခဲ့။ သို့သော် သူမ အသိပြန်ဝင်လာချိန်မှာတော့ တဲအိမ်လေးဟာ မီးပင်လယ်ကြီးဖြစ်နေပြီး မိန်းမတစ်ယောက်ရဲ့ လည်ပင်းကို လိမ်ချိုးနေခဲ့တဲ့ ထင်ရှားတဲ့ခံစားချက်တွေက သူမရဲ့လက်ထဲမှာ ကျန်ရှိနေခဲ့သည်။
“ငါစိတ်ပူတယ်.. ဒီစွမ်းအားတွေက နင့်ကို ထိခိုက်စေမှာကို စိတ်ပူတယ်”
သူမသည် ကောက်ရိတ်သိမ်းပွဲတော်မှာတုန်းက ဖြစ်ခဲ့သလို အချိန်မရွေးထပ်ဖြစ်လာမှာကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ ဖြစ်လာခဲ့မည်ဆိုလျင် ဘန်က သူ့ဘဝကို စတေးလိုက်ဖို့ ဆန္ဒရှိနိုင်သည်။ ဘန်က သူမကို တိုက်ခိုက်နိုင်မည်မဟုတ်။ ဆာစီးနီယာက ထိုသို့ဖြစ်လာမှာကို ကြောက်နေခြင်းဖြစ်၏။ သူ အကြီးအကျယ်ထိခိုက်နာကျင်သွားမှာကို စိုးကြောက်မိခြင်းဖြစ်သည်။