"မောင်.. မောင် ငါ့ကိုထားမသွားလို့မဖြစ်ဘူးလား"
ဒီလိုမျိုး နောက်ဆုံးတစ်ကြိမ် ခခယယပြောခဲ့ပါသေးတယ်။ အသိတရားမဝင်ခဲ့တဲ့ သူကသာ နောင်မှရမယ့်နောင်တတွေကို ကြိုမမြင်ခဲ့တာ။
"မောင်တောင်းပန်တယ် ဂျီဆောင်း။ ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေက ပြင်မရတော့ဘူးလေ"
ဒီစကားကို သူလေးလေးနက်နက်ပြောခဲ့တာ။ ဂျီဆောင်းအပေါ် ဖြစ်တည်ရတဲ့ အားနာစိတ်တွေက အလေးချိန်ဘယ်လောက်တောင်ရှိလိမ့်မလဲဆိုတာ သူကိုယ်တိုင်တောင် ချိန်ဆမရလောက်အောင် ဂျီဆောင်းအပေါ် အားနာခဲ့သေးတာ။
တည်တည်ကြည်ကြည် မျက်နှာနုပေါ် စိုနေတဲ့မျက်ရည်တွေကို သုတ်ပေးရကောင်းနိုးနိုး သူတွေဝေခဲ့သေးတယ်။ နောက်ဆုံးတော့ တုန်လှုပ်နေတဲ့လက်ကို မျက်ရည်တွေနဲ့ဝေးရာမှာပဲထားဖို့ ဆုံးဖြတ်ခဲ့တာပဲ။ မတရားဘူးလို့သူထင်လို့လေ။ နူးညံ့တဲ့အထိအတွေ့တစ်စုံတစ်ရာသာ ပြုမူလိုက်မယ်ဆိုရင် ဂျီဆောင်းကို မျှော်လင့်ချက်အလွဲအမှားတွေထပ်ထားဖို့ ဖျားယောင်းသလိုဖြစ်နေမလားလို့ တွေးမိခဲ့လို့ပေါ့။
ဒီဖြစ်ရပ်တွေက သူတို့နောက်ဆုံးတစ်ကြိမ် အကြီးအကျယ်ရန်ဖြစ်စကားများပြီးကြတဲ့နောက် ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေပဲ။ အပြန်အလှန်ထိုးနှက်စကားတွေဆိုရတာ ပင်ပန်းသွားပုံရတဲ့ ဂျီဆောင်းက အိမ်ကထွက်သွားခဲ့တယ်။ မိနစ် ၂၀ လောက်ကြာတဲ့နောက်မှာတော့ တံခါးဝက လူခေါ်ခေါင်းလောင်းကို အကြိမ်များစွာ ဖိနှိပ်ပြီး ပြန်ရောက်လာခဲ့တာ။ ဂျီဆောင်းမှာ အပေါ်ထပ်အင်္ကျီမှ ပါမသွားခဲ့တာကိုး။
တခိုက်ခိုက်တုန်နေတဲ့ ခန္ဓါကိုယ်ငယ်က အအေးဒါဏ်ကို အန်တုခဲ့ရတာကြောင့်လား။ ဒါမှမဟုတ် အားကိုးရာမဲ့ဖြစ်နေလို့များလား။
"မောင်.. မင်းကငါ့ရဲ့ဘဝတစ်ခုလုံးလေကွာ။ မင်းထွက်သွားမယ်ဆိုရင် ငါဘယ်လိုဆက်ပြီးရပ်တည်ရမှာလဲ"
သူ့ရဲ့ပါးနှစ်ဖက်ကို အရဲစွန့်အုပ်ကိုင်ဖို့ကြိုးစားလာတဲ့ လက်နှစ်ဖက်ကို သူရှောင်တိမ်းပစ်လိုက်တယ်။