ကို့ရို့ကားယား ကသိကအောင့်ဖြစ်စရာလေထုက misaki ဇာတ်လိုက်မအား အခင်းဖြစ်နေရာသို့ တရွတ်တိုက်နီးပါး ဆွဲခေါ်လာချိန်တွင်ပင် မပျောက်ပျက်သွားသေးပေ။ မာနကြီးကာ အထက်ကြီးဆန်သည့် ဟန်ပန်ဖြင့် William သည် နံရံအား မှီထားရင်း လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားသည်။ ရှည်လျားသည့် ခြေထောက်တို့က သံဗူးခွံအလွတ်အား ဟိုကန်ဒီကန် ဆော့ကစားနေသေးသည်။ ခေါင်းငုံ့ထားသဖြင့် လူကိုညှို့ငင်နိုင်သော မျက်လုံးတို့မှာ ဖုံးကွယ်ခံထားရသလို ဖြစ်နေသောငြား ကော့ညွတ်နေသည့် မျက်တောင်ရှည်များ ဖြာကျနေသည်ကိုဖြင့် မြင်နိုင်လေသည်။ misaki သည် အရန်ဇာတ်ကောင်လေး၏ တည်ရှိမှုကိုပင် သတိမပြုမိလုနီးပါး ဖြစ်သွားရသည်။
"အိုး ရှင်ပဲ"
"မင်းကိုး" ဇာတ်လိုက်မနှင့် အရန်ဇာတ်ကောင်လေး၏တွေ့ဆုံမှုမှာ သူမတို့ မျှော်လင့်ထားသည်ထက်ပင် ပိုအဆင်ပြေနေသေးသည်။ ချစ်ခင်နှစ်သက်မှုရာခိုင်နှုန်းသာ ပိုမြင့်သွားလျှင် သိပ်မကြာခင် ဇာတ်လိုက်အဖြစ် အဆင့်တက်သွားနိုင်သည်။
ချောမောသော်လည်း ဂျစ်ကန်ကန်နိုင်သည့်ပုံစံဖြင့် အနှီအရန်ဇာတ်ကောင်လေးအား သူမ အဘွားဆေးရုံတက်နေစဉ်ကာလအတွင်း တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုကာလအတွင်း အမြဲအရိပ်လို အရာအားလုံးကို Robert ရန်မှ စောင့်ကြပ်နေရသဖြင့် misaki သည်လည်း သွက်လက်တက်ကြွသည့် အရန်ဇာတ်ကောင်လေးအား သေချာပေါက် သတိထားမိခဲ့သည်။ ဆယ်ကျော်သက်အရွယ် အရွဲ့တိုက်ပြီးမရင့်ကျက်မှုများ ရှိသော်လည်း တောက်ပပြီးနှစ်လိုဖွယ် ကိုယ်ရည်ကိုယ်သွေးများရှိသည်။
ဒီကမ္ဘာ၏မူရင်းဇာတ်ကြောင်းထက်ပင် ပိုကောင်းမွန်သည့် ကျောင်းသားအချစ်ဇာတ်လမ်းကို မျှော်လင့်၍ရနိုင်သည်။ ပိုစိတ်ဝင်စားစရာကောင်းသည်မှာ အမြဲပြိုင်ဆိုင်ကာ ကြည့်မရအောင် စောင်းချိတ်နေကြသည့် အမှတ်တစ်နှင့် အမှတ်နှစ်ကျောင်းမှ ရိုမီယိုနှင့် ဂျူးလိယက်လိုဖြစ်နေမည့် ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းဟုလည်း ဆိုနိုင်သေးသည်။
ထိုလူနှစ်ယောက်၏ အချင်းချင်း မှတ်မိကာ အသိအမှတ်ပြုသည့် ဖြစ်စဉ်နှင့်အတူ ပူဖောင်းများ နှင်းဆီးပန်းများ မျောလွင့်နေပြီး ချစ်ခြင်းတို့အစပြုရာ လေထုမှာလည်း လစ်လျူရှုဖို့ ခဲယဉ်းလောက်အောင် အားကောင်းလှသည်။ ဆယ်ကျော်သက် မနူးမနပ်အရွယ်များ ဖြစ်သည့်အလျောက် ရှက်ကိုးရှက်ကန်း မဝံ့မရဲခြေလှမ်းလေးများမှာလည်း ကောင်းမွန်သည့် တုန့်ပြန်မှုဟု ယူဆ၍ရသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.