Chapter 85မွေးနေ့ပွဲက ရက်ပိုင်းမျှသာလိုတော့သည်။ ဆာစီးနီယာက အခုထိ မွေးနေ့ပွဲကို သွားသင့်၊ မသွားသင့် စဥ်းစားနေဆဲဖြစ်သည်။ သူမသည် အဝတ်အစားနဲ့ လက်ဝတ်အဆင်တန်ဆာများကို မှာယူခဲ့ပြီးဖြစ်၏။ သို့သော်လည်း အခုထိ စိတ်မအေးဖြစ်ရသောကြောင့် မဆုံးဖြတ်ရသေးချေ။
‘ဘုရင်မကြီးက ဘာလို့ ငါ့ကိုမှလဲ.. ဘာလို့လဲ’
ဘုရင်မကြီးရဲ့ဇာတ်ကောင်ရောက်ရှိလာခြင်းက သူမကို ပိုပြီး စိတ်ရှုပ်ထွေးရစေသည်။ ဝတ္ထုထဲမှာ ဘုရင်မကြီးရဲ့အကြောင်းကို သိပ်ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားနဲ့အမျိုးသမီးဇာတ်ဆောင်ပါတဲ့ အခန်းတွေမှသာ သူမသည် မွေးနေ့ပွဲခန်းမထဲတွင် ခဏတဖြုတ်ပေါ်ပေါက်လာခြင်းဖြစ်၏။
‘အဲလိုဇာတ်ဆောင်မျိုးက ငါ့နာမည်ကိုတောင် သိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး’
“အိမ်ရှေ့စံမင်းသားက ငါ့ကို ရည်ညွှန်းခဲ့တာလား”
တစ်နည်းအားဖြင့် ရှင်းပြလို့မရနိုင်ချေ။
ဆာစီးနီယာက သက်ပြင်းချ၍ ဆိုဖာပေါ်မှာ နစ်မြုပ်သည်အထိ ထိုင်လိုက်သည်။ မွေးနေ့ပွဲအတွက် တစ်နေ့လုံးစိတ်လှုပ်ရှားနေရသောမေနဲ့ပြောဆိုပြီးနောက် သူမသည် တစ်ယောက်တည်းသာနေနေခဲ့သည်။ သူမသည် ဆက်ပြီး ချင့်ချိန်စဥ်းစားပေမယ့် အဆုံးသတ်က တစ်ခုတည်းသာရှိသည်။
‘ငါသွားမှရမယ်’
သူမသာ မသွားလျင် ဗားန်လည်း သွားရဖို့ လမ်းမမြင်ချေ။
“ငါရုတ်တရက်ကြီး မြှားနတ်မောင်ဖြစ်လာတာပဲ”
အမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသမီးဇာတ်ဆောင်ကို ချိတ်ဆက်ပေးရတဲ့ မြှားနတ်မောင်ဖြစ်ရတာက လည်ဖြတ်ခံပြီးသေရမယ့်ဗီလိန်ဖြစ်ရတာထက်တော့ အများကြီးပိုသာသေးသည်။
မမျှော်မှန်းထားတဲ့ဘက်ကို လှောင်ပြုံးပြုံးလိုက်မိတဲ့ဆာစီးနီယာသည် လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေမိသည်။ ဆောင်းကုန်လို့နွေဦးရောက်လာချိန်မှာ ဇာတ်လမ်းက တကယ်အဆုံးသတ်လိမ့်မည်ပင်ဖြစ်၏။ သူမသည် ဆာစီးနီယာအဖြစ်တည်ရှိလာခဲ့တာ သုံးနှစ်တောင်ကျော်လွန်သွားလေပြီ။