" သူက ဘယ်လိုလူမျိုးမို့လို့လဲ "
ဆေးမှင်ကြောင်အပြည့်နဲ့လူရဲ့ မေးခွန်းဟာ သူ့နားထဲ ကြားတစ်ချက်မကြားတစ်ချက်။ အုတ်နံရံကိုမှီထားရင်း ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ သူဟာ သက်တောင့်သက်သာဖြစ်မနေလှ။ သက်ပြင်းဖွဖွချရင်း ထိုလူ့မေးခွန်းအတွက် အဖြေကိုစဉ်းစားမိတယ်။ ဘယ်လိုလူမျိုးလဲဆိုတဲ့ မေးခွန်းအောက်မှာ ဘယ်လိုခေါင်းစဉ်တွေကို သွတ်သွင်းရပါ့မလဲ။
အွီဂျူး...
ငါ့ရဲ့ အိန်ဂျယ်
ငါ့ရဲ့ ကယ်တင်ခြင်း
ငါ့ရဲ့ ယုံကြည်မှု
ငါ့ရဲ့ အနာဂတ်
သူ့ရဲ့ အတွေးတွေကို ရပ်ပစ်လိုက်တယ်။ မငြိမ်မသက်ဖြစ်ခြင်းတွေနဲ့ ဝေဝါးမှုတွေက သူ့မှတ်ဉာဏ်ထဲ တိုးခတ်လှည့်တယ်။ သူဟာ အရာရာကို မေ့မေ့လျော့လျော့နဲ့။ နှလုံးသားထဲက မေ့ဖျောက်ထားခဲ့တဲ့ ခေါင်းစဉ်တစ်ခုကို ဦးနှောက်ထဲက ဆွဲထုတ်မိတယ်။
ငါ့ရဲ့ အပြစ်
-Darling, What's On Your Mind?-
အစိမ်းနဲ့ အနီ တစ်လှည့်စီပြောင်းနေတဲ့ မီးပွိုင့်ဘေးလမ်းကြားထဲမှာ ငါကားကို စက်ရပ်ပြီးထိုင်နေမိတယ် အွီဂျူး။ လူတွေက ပြောင်းလဲတာမြန်လွန်းတယ်။ မျက်စိရှေ့မှာ ဖြတ်လျှောက်သွားသမျှ လူတွေက ရီမုဒ်နဲ့ အခွေတွေကိုရစ်လိုက်သလိုမျိုးပဲ။ ငါ့မျက်စိရှေ့မှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေ၊ ဖြတ်လျှောက်သွားတဲ့ လူတွေရဲ့ မျက်နှာတွေ၊ အမူအယာတွေ အကုန်လုံးက စက္ကန့်ပိုင်းအတွင်းမှာ မြန်မြန်ဆန်ဆန်ပြောင်းလဲကုန်ကြတယ်။ ယုတ်စွအဆုံး လမ်းမပေါ်မှာရှိနေတဲ့ မီးပွိုင့်ရဲ့ အရောင်ကတောင် စိမ်းတစ်လှည့် နီတစ်လှည့် ဝါတစ်လှည့်နဲ့ မိနစ်ပိုင်းအတွင်း ပုံစံအမျိုးမျိုးပြောင်းလဲနေတယ်။ အပြောင်းအလဲမြန်လိုက်ပုံများ မင်းအတိုင်းပဲနော် အွီဂျူး။
နောက်ဆုံးလက်ကျန် ဝီစကီပုလင်းကို ငါကားနောက်ခန်းထဲပစ်ထည့်လိုက်တယ်။ ကြိမ်းသေပေါက် ငါ့အခြေအနေက အကောင်းစားဝီစကီသောက်နိုင်တဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့ အွီဂျူးရယ်။ ဒီပုလင်းကိုတောင် ငါ့ပထွေးဆီက အလစ်သုတ်လာခဲ့တာလေ။ ငါအခုစီးလာတဲ့ သူ့ကားကိုခိုးဖို့လုပ်နေတုန်း မိသွားတာနဲ့ ငါလည်းမထူးဘူးဆိုပြီး သူ့ကိုအမှောက်သိပ်လိုက်ပြီး သူ့အရက်ပုလင်းပါ ယူချလာခဲ့တာ။
YOU ARE READING
DARLING, What's On Your Mind?
RomanceI saw it in your eyes: It's always in the eyes