ကောင်းကင်ကြီးက ပုဇွန်ဆီရောင်သမ်းနေလောက်ပေမယ့် ယူဂျင်းမျက်လုံးထဲမှာတော့ အညိုရောင်တွေကသာ ထင်ရှားတယ်။အခြားအရောင်တွေကိုသာ မခွဲခြားတတ်ဘဲရှိချင်ရှိမယ် အညိုရောင်အစစ်နဲ့အတုကိုတော့ ကောင်းကောင်းခွဲခြားနိုင်တယ်။
မျက်လုံးတွေကိုအုပ်တဲ့အထိ ရှည်ကျနေတဲ့ ဆံနွယ်တွေက အညိုရောင်အစစ်။
နဖူးကနေ မေးစေ့အထိ တစ်စက်စက်ကျနေတဲ့ အရည်တွေက အညိုရောင်အတု။
ဆယ်ကျော်သက်လေးက သွေးလွှမ်းနေတာကြောင့် ပီပီပြင်ပြင်မရှိတဲ့ တစ်ဖက်လူရဲ့မျက်နှာအမူအရာတွေကို ဖတ်ဖို့ကြိုးစားကြည့်တယ်။
" ဟေး ချာတိတ်လေး "
ယူဂျင်း သူ့ရဲ့အဖြူစွတ်စွတ် sneaker လေး သွေးစွန်းသွားမှာကိုကြောက်လို့ အနောက်ကို အလိုအလျောက် ခပ်သွက်သွက်ဆုတ်မိတော့ တစ်ဖက်လူက လှောင်ရယ်တယ်။ ဒဏ်ရာတွေအများကြီးနဲ့ အရမ်းနာနေလောက်မှာကိုသိပေမဲ့ စိတ်အနှောင့်အယှက်ပေးလာတာကြောင့် ယူဂျင်းမေတ္တာမရှိတော့ဘူး။
ဒီလိုဆိုတော့လည်း ဒီဘဝ..ဤမျှ.. ပဲပေါ့ ခင်ဗျားရယ်။
ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုပ်လို့ ယူဂျင်းလှည့်ထွက်ခဲ့တယ်။
" နေပါဦး! "
အနောက်ဖျားဆီက လှမ်းအော်သံကို နားစွင့်မိချိန် ယူဂျင်းခြေလှမ်းတွေက နှေးသွားတယ်။
" ကယ်ပေးပါ "
" ကျွန်တော့်အတွက် ဘာပြန်ရမှာလဲ? "
အနောက်ကိုလှည့်မကြည့်ဘဲ ယူဂျင်း ပက်ခနဲပြန်မေးလိုက်တယ်။ တစ်ဖက်လူက စဉ်းစားတာကြာလွန်းတာကြောင့် ယူဂျင်းရှေ့ဆက်လျှောက်ဖို့လုပ်တော့ ခပ်မာမာအရာတစ်ခုက သူ့ကျောကိုလာမှန်တယ်။ အတိအကျဆို သူ့ကျောပိုးအိတ်ကို လာထိမှန်တာဖြစ်တယ်။
' K ' လို့ အသားတံဆိပ်ထွင်းထားတဲ့ ဓားမြှောင်တစ်ချောင်း။
" လောလောဆယ်တော့ ငါ့မှာ ဒါပဲရှိတယ် "
သွေးတွေပေနေတာကို သိပေမဲ့ ယူဂျင်း ကောက်ယူလိုက်တယ်။ သူသွေးမပေစေချင်တာ sneaker အသစ်လေးကိုပဲလေ။
" ဒါက ကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့ ပစ္စည်းမှ မဟုတ်တာ? "
" အဲ့တာကပဲ မင်းငါ့ကိုကယ်ရမယ့် အကြောင်းအရင်းဖြစ်လာမှာပေါ့ "
________