1982 ခုနှစ်မှ တံငါရွာလေးဆီသို့
အပိုင်း (၁)
ရီရောင့်သုန်း တံခါးထောင့်နားတွင် သစ်ကိုင်းရိုးတခုကို ကိုက်ရင်းရပ်နေသည်။ သူ၏ ဦးလေး နှစ်ယောက် ဖြစ်သူမှာ သူ၏ အဖေနှင့် သူ့အစ်ကို ၂ ယောက်ဖြစ်သူနှင့် စကားများနေသည်။
သူ အခုထိပင် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိတော့ပေ။ သင်္ဘော တစ်စီးအား မောင်းနှင်ရန် သူဖိတ်ခံခဲ့ရပြီး ကုန်းပတ်ပေါ်မှ အပေါ့သွားရန် လုပ်ခဲ့သည်။ ထိုစဉ် လှိုင်းတစ်ခုမှ ပုတ်ခတ်၍ သင်္ဘောပေါ်မှ ပင်လယ်ထဲ ပြုတ်ကျကာ သေသွားပြီးမဟုတ်ဘူးလား။
ငါ ဘာလို့ သည်မနက် နိုးလာပြီး 1982 ခုနှစ်ကို ပြန်ရောက်နေတာလဲ။
လုံးဝကို အံ့ဩစရာပဲ ...
သူ အခုထိ နားမလည်သေးပါ။ သူ၏ အဖေ ဖမ်းမိသည့် အဝါရောင် ငါးပုတ်သင်ကြီးပင် သူ့အား အံ့ဩအောင် မလုပ်နိုင်ပါ။ အသက် ၂၅နှစ် အဖြစ် ပြန်ရောက်နေသည်မှာ အကြီးမားဆုံး အံ့ဩစရာပင် ဖြစ်သည်။
“ငါ့အသက်က ၆၅ နှစ်ပါ၊ နှစ် လေးဆယ်ကြီးတောင် နောက်ဆုတ်ပြီး ၂၅ နှစ် ရောက်သွားပါလား”
တကယ့်ကို တကယ့်ကို ကောင်းလိုက်တာ ...
အချိန်တွေ ပြန်လာပြီ ...
သင်္ဘောပိုင်ရှင်အတွက်တော့ သနားစရာပင်။သူ သေသွားသည့်အတွက် ဒေါ်လာ သန်းချီ လျှော်ပေးရမည် ဖြစ်သည်။ အိမ်မှ အငယ် ၂ ယောက်အတွက်တော့ အဆင်ပြေလိမ့်မည်။
သူ သေသော သတင်းကြားပြီးနောက်တွင် အိမ်မှ
မိသားစုများ ဝမ်းသာကြမည်လား၊ ဝမ်းနည်းကြမည်လား သူ မသိပါ။
“အစ်ကို သုံး၊ အဲ့သင်္ဘောက အဖေက ထားခဲ့ပေးတာ၊ အမေက သူ အသက်ကြီးတဲ့အချိန် အစ်ကိုနဲ့
ကုန်ဆုံးချင်တယ်ဆိုလို့ အစ်ကို့အတွက် သုံးဖို့ ချန်ပေးထားတာ။ ငါတို့ ညီအစ်ကိုတွေမှာ ဝေစုက ရပြီးပြီ။ ဒါမယ့် ဒီအဝါရောင် ငါးပုတ်သင်ကတော့ ပိုက်ဆံအတွက် ရောင်းရမှာ။ ငါတို့က ညီအစ်ကိုတွေနော်”
“ဟုတ်တယ် အစ်ကို သုံး။ ဘာလဲ၊ အစ်ကိုက ဒီငါးကို ဖမ်းမိထားတယ်ဆိုပြီး အခု ခွဲမပေးချင်တာပေါ့ ဟုတ်လား။ အဖေက သင်္ဘောထားပေးခဲ့တာ ငါတို့နဲ့လည်း ဆိုင်တယ်။ ညီအကိုတွေကို ဂရုမစိုက်ဘဲနဲ့ မင်းက အကုန် ယူသွားချင်တာလား"
ဦးလေးတို့ ၂ ယောက် အဖေ့ကို အော်ကြရင်း အဖေဒေါသတွေ ထွက်လာသည်။
“ချီးပဲ၊ သင်္ဘောကို အဖေက ထားပေးခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ အဲတုန်းက သင်္ဘောရဲ့ အပိုင်းတွေကလည်း ပြုတ်ထွက်နေပြီ၊ စက်ကလည်း ပျက်နေပြီ။ မင်းတို့က အဲ့စက်အပျက်တော့ မလိုချင်ကြဘူး။ ပိုက်ဆံပဲလိုချင်နေကြတာ အဲ့တော့ အဲ့စက် အပျက်ကို ငါ့ဆီထိုးကျွေးလိုက်တာ။ သင်္ဘော ဝယ်မဲ့သူ ပြောတာတော့ ရောင်းရင် ၃ ထောင်လောက်တော့ ရနိုင်သေးတယ်တဲ့။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အမေလည်း ငါနဲ့အတူလိုက်နေမှာ၊ အဲတော့ ငါပဲ ရောင်းတဲ့ ငွေ ယူပါရစေကွာ”
“ငါ အငယ်ဆုံးကွာ၊ ငါ ဘယ်သူနဲ့မှ မပြိုင်ဘူး။ ငါ အရင် ဆုံးရှုံးခဲ့တာတွေလည်း များတယ်။ ဘာတွေဖြစ်နေကြတာလဲ။ ငါ လွန်ခဲ့တဲ့ ၂ နှစ်တည်းက ဒီသင်္ဘောစုတ်လေးကို တဖြည်းဖြည်း ပြင်လာတာ။ အခုကျလာပြီး လောဘကြီးနေကြပြန်တာလား။ မရဘူး။ ငါ့ ပိုက်ဆံတွေကို ဒီသင်္ဘောပေါ်မှာ သုံးထားတာ။ ငါ့ ဘဝကို ပြန်စတင်ဖို့ ဒီကိုလာတာ၊ မင်းတို့က ပိုက်ဆံယူဖို့ ပြေးဝင်လာတာ မရှက်ကြတော့ဘူးလား"
ဦးလေး ရီ မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည် ”အစ်ကို သုံး၊ မင်းက အဖေ့ ပိုင်ဆိုင်မှုတွေလည်း ရသင့်သလောက် ရပြီးပြီ၊ ဒီသင်္ဘောက အဖေ့အမွေပါ၊ အမေ့ကိုလည်း မင်းနဲ့ နေစေချင်တယ်။ ဒါကြောင့်လည်း ဒီသင်္ဘောကို မင်းဆီ ထားထားတာပေါ့။မင်းကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ အမေ၊ စဉ်းစားကြည့်ပါဦး။ သားတို့ ဒါကိုရောင်းပြီး ပိုက်ဆံယူလိုက်တာ ပိုမကောင်းဘူးလား။
"အဲ့ အကြံကောင်းသားပဲ၊ ငါ စဉ်းစားကြည့်မယ်။
အဲ့သင်္ဘောကို ရောင်းရင် ဘယ်လောက်ရလောက်မလဲ၊ အဲ့ပေါ်က သစ်သားတွေကတော့ သိပ်တန်ဖိုး မရှိဘူး၊ သံတွေကတော့ ပိုက်ဆံရလောက်တယ်။ ငါ့ဆီကိုသာ ပေးလိုက်၊ မင်း ပိုင်ထားတာလေးထဲက တစ်ခုလေးပဲ လျော့မှာပါ”
“ဦးလေး ဦးလေး၊ အဘိုး ဆုံးတဲ့အချိန်တုန်းက
အကုန်လုံးလည်း အတူ ရှိတာပဲ၊ ဦးလေးတို့က ပိုက်ဆံကို ဝေမျှပြီး အဖေက သင်္ဘောကို မျှသုံးမယ်လို့ အရင်တည်းက သဘောတူခဲ့ကြတာလေ။ ကျွန်တော်လည်း ရောင်းချင်ခဲ့တာပဲ။ ဒါပေမဲ့ ရောင်းပြီး ငွေကို ခွဲမယ်လို့ တခွန်းမှ မပြောခဲ့ဘူး။ဘာလို့ဆို ရှုံးမှာ သိနေလို့ပဲ”
ထိုစကားကို ပြောလိုက်သူမှာ ရီရောင့်သုန်း၏ အစ်ကို ဖြစ်သူ ရီရောင့်ဖုန် ပင် ဖြစ်သည်။ သူ ပြောပြီးသည်နှင့် ဦးလေးဖြစ်သူ၏ ဆူခြင်း ခံလိုက်ရသည်။
“လူကြီးတွေ စကား ပြောနေတာကို ဘာတွေ လာနှောင့်ယှက်နေတာလဲ”
ဘာလို့ ကျွန်တော့် မိသားစုရဲ့ ပိုက်ဆံအကြောင်း ပြောလို့ မရမှာလဲ။ မိသားစုက တကွဲတပြား ဖြစ်နေတာ ကြာလှပြီ။ ဦးလေး နှစ်ယောက်က အခုမှ လာပြီး ငါးရောင်းရတဲ့ ငွေတောင် လာလုနေသေးတယ်။ဒါ ကျွန်တော့် မိသားစုပဲ ကျွန်တော်က ဘာလို့ ပြောခွင့် မရှိရမှာလဲ”
“ဒါလူကြီးတွေ ကိစ္စ မင်းတို့မှာ ပြောခွင့် မရှိဘူး”
အခန်းထောင့်တွင် ရပ်နေသော ရီရောင့်သုန်းသည် ပြောနေကြသော စကားများကို နားထောင်ပြီး ခေါင်းကိုက်လာသည်။ ပါးစပ်ထဲတွင် ရှိသော သစ်သားချောင်းကို ထွေးထုတ်၍ ရှေ့သို့ လျှောက်လာသည်။ ထို့နောက် သူ၏ လက်အား ဦးလေး တစ်ဦး၏ ပခုံးပေါ်အား တင်လိုက်သည်။
ညစ်ကျယ်ကျယ်ဖြင့် စကား ပြောလိုက်သည်
“ဦးလေး ပြောတာ လွန်တယ်နော်၊ ဒါ ကျွန်တော်တို့
မိသားစုလေ၊ ဘာလို့ ကျွန်တော့် အစ်ကိုက စကားဝင်ပြောလို့ မရမှာလဲ”
“အဝါရောင် ငါးပုတ်သင်က အခု အဖေ့ ပိုက်ကွန်မှာလေ။ ဦးလေးတို့ နှစ်ယောက်က အဖေနဲ့ ပင်လယ်ထဲ ထွက်ဖူးလို့လား။ အခုမှ အိမ်လာပြီး ပိုက်ဆံ လာတောင်းနေတာ၊ ဘာတွေ ကြီးကျယ်နေကြတာလဲ”
“အပြင်ထွက်မယ်။ အပြင်ထွက်ပြီး စကားပြောကြမယ်။ ပြီးတော့ ရွာထဲက လူတွေ အကုန် ခေါ်လိုက်၊
ရွာခေါင်းဆောင်ကို ခေါ်ပြီး ဆုံးဖြတ်ခိုင်းလိုက်။ ကျွန်တော်တို့က ဒီလို ပိုက်ဆံ ပေးသင့်လားလို့”
“ကျွန်တော်တို့ မိသားစုရဲ့ ပိုက်ဆံကို ဘယ်သူမှ လက်ဝါးကြီး အုပ်လို့ မရဘူး။ အဖေက ဦးလေးတို့ကို အရမ်း ဂရုစိုက်နေလို့သာ သူ ဘာမှ မပြောတာ”
ရီရောင့်သုန်းသည် သူ၏ ဦးလေး လည်ပင်းအား ဆွဲ၍ အပြင်သို့ ထွက်လာသည်။ သူ၏ အဖေသည်
ညီအစ်ကို သံယောဇဉ် ကြီး၍ မျက်နှာ ပျက်စရာ မဖြစ်ချင်၍သာ ငြိမ်ခံနေခဲ့သည်။
အရှက် မရှိသော မတရားသော သူမှာ ဦးလေးပင်
ဖြစ်သည်။
သို့သော် သူ၏ အမျိုး ဦးလေးများ ဖြစ်၍ ဆွဲထိုး၍ မရပေ။ ပါးစပ်ဖြင့်သာ ပြောဆိုလို့ရမည်။
ဦးလေး ရီသည် အရပ်ပုလှသည်။ ၁၆၀ cm လောက်တွင် ရှိမည်။ ရီရောင့်သုန်းသည် ၁၈၀ cm ရှိသည်။ ထို့ကြောင့် ဦးလေး၏ လည်ပင်းသည် သူ၏ ချိုင်းတွင်သာ ရှိသည်။ ထို့ကြောင့် ဦးလေး ရီ လှုပ်ချင်တိုင်း လှုပ်မရပေ။ ထို့နောက် ယိမ်းထိုး၍ အပြင်သို့ လျှောက်သွားသည်။
“သွားမယ်ကွာ။ မင်းက ရိုင်းလှပါလား။ ငါ့ လည်ပင်းကို ဆွဲရအောင် ငါက မင်း ဦးလေးနော်”
"ကျွန်တော်တို့ မိသားစု ပိုက်ဆံကို ငွေညစ်နေတဲ့သူက ဦးလေး မဟုတ်ဘူး၊ ရန်သူတွေ ထွက်သွားကြ။ အပြင်မှာပဲ ပြောမယ်"
သူ သေချာ မှတ်မိသည်။ ငယ်စဉ်တုန်းက သူသည်
ရွာတွင် လူဆိုး ဖြစ်သည်။ တစ်နေကုန် လျှောက်သွား အပြင်ထွက်သည်။ ရန်ဖြစ်သည့် ကိစ္စသည် ပုံမှန်သာ ဖြစ်သည်။ သို့ရာတွင် အိမ်ထောင်ကျပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ် ထိန်းချုပ်ခဲ့သည်။
ကိုယ့်ထက် အကြီးအား ဆွဲခေါ်သွားသည်မှာ
အလွန် ရိုင်းသည်မှာ မှန်သည်။ သို့သော် သူ့အတွက် သာမန်သာ။
မည်သို့ပင် ဖြစ်စေ၊ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သည်။ သူ သည်လည်း လူဆိုး မဟုတ်တော့ပေ။ သူ့အပြုအမူ
သည် ကြည့်မကောင်းသည်မှာတော့ အမှန်ပင်။
ရီရောင့်သုန်းသည် ဦးလေး လက်ကို လွှတ်၍
အိမ်ပေါက်သို့ ဆွဲပို့လိုက်သည်။
ရီရောင့်ဖုန်း စိတ်သက်သာရာ ရသွားဟန်ဖြင့်
သက်ပြင်းချလိုက်သည်။ ရီရောင့်သုန်း နောက်ဆုံး တစ်ခုခု လှုပ်ရှားပြီ ဖြစ်သည်။ မနက်တည်းက ဘာဖြစ်နေမှန်း မသိရပေ။ ငေးငိုင်၍ စကား တစ်ခွန်းမှ မပြောပေ။ သူ၏ သည်းခံမှု အတိုင်းအတာ ကျော်သွားပုံရသည်။
ဦးလေး ၂ ယောက် ဖြစ်သူ စကားပြောနေကြသည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်သည်။
“လာကြပါဦး။ လူစုကြပါဦး ... အ ...”
ဒုတိယ ဦးလေး ရီသည် ရီရောင့်သုန်း ပါးစပ်အား အလျင်အမြန် အုပ်၍ နေရခက်သော အပြုံးဖြင့် ပြောလိုက်သည်။
“ရောင့်သုန်းရာ၊ ငါက မင်းအဖေနဲ့ ဆွေးနွေးဖို့ လာတာပါ"
"ဦးလေးက မင်း အဖေနဲ့ မိသားစုကိစ္စ ဆွေးနွေးမလို့ လာတာလေ။ ဘယ်လိုလို လုပ်ပြီး အပြင်မှာ ပြောလို့ရပါ့မလဲ။ အထဲမှာ ပြောရမှာပေါ့။ အထဲ ဝင်ပြီးပြောကြစို့“
ဦးလေး ရီသည် သူ့ အမှား သူ သိသလို ပြောသည်။သို့သော် ရွာသားတွေ ရှေ့ ပြောပါက မျက်နှာပျက်မည် ဖြစ်သောကြောင့်ပင်။
ရီရောင့်သုန်း သူ၏ ပါးစပ်အား ကာထားသော ဦးလေး ဖြစ်သူ လက်အား ဖယ်၍ “ဦးလေး၊ အခန်းထဲမှာတုန်းက ဘာတွေပြောနေခဲ့လဲ။ စားပွဲတွေကို ရိုက်ပြီး မနက်တည်းက ငြင်းခုန်နေတာလေ။ အဲလိုတွေ ကြားရင် ခေါင်းကိုက်တယ်။ အဲတော့ အပြင်မှာပဲ ပြောကြမယ်။ အပြင်သူတွေ အကုန်လုံး နားထောင်ပါစေ၊ နားလည်လား။ လူစုကြမယ်"
"အစ်ကို သုံး၊ မင်းရဲ့ သားကို ဂရုမစိုက်တော့ဘူးလား" ဒုတိယ ဦးလေး ရီသည် အဖေ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါ့မိသားစုရဲ့ ဒီလို အကျည်းတန်မှုကို လူတွေ ကြားထဲ ချမပြသင့်ပေမဲ့ ထားပါတော့ ရွာသားတွေ လာကြည့်ပြီး၊ ဝေဖန်လည်း ဝေဖန်ပါစေတော့။ မဟုတ်ရင် လူတွေက ငါပဲ အကျိုးအမြတ် အကုန် ယူထားတယ် ထင်နေကြဦးမယ်"
ထိုအချိန် အိမ်နီးနားချင်းများ ရောက်လာ၍ ရီ ညီအစ်ကိုတွေကို စပ်စုစွာ ကြည့်နေကြသည်။
“ဘာတွေ ဖြစ်ကြတာလဲ။ မနေ့ကလည်း ငါးတွေအများကြီး ရောင်းရတယ်လေ။ အဆင်မပြေကြဘူးလား”
“ဘာတွေ ဖြစ်နေတာလဲ။ ရောင့်သုန်း၊ ရန် ထပ်ဖြစ်တာလား”
“ရောင့်သုန်း၊ ဒီတစ်ခါ ဘာလုပ်ပြန်တာလဲ”
“လက်ထပ်ပြီးလို့ ကလေးတွေလည်း ရနေပြီ။ ဘာပြဿနာ ရှာပြန်တာလဲ”
ရီရောင့်သုန်း ပြောစရာ စကား ပျောက်ဆုံးသွားသည်။ သူ၏ ဆိုးရွားသော ပုံရိပ်သည် လူတွေ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ဘာမှ မဟုတ်သော်လည်း သူ့ကိုပင် လက်ညိုးထိုးကြမည် ဖြစ်သည်။
သူ မျက်မှောင် ကျုံ့၍ ပြောလိုက်သည်။ ”ကျွန်တော် ဘာမှ မလုပ်ထားဘူး။ ကျွန်တော့်ကိုပဲ အပြစ်တင်မနေနဲ့။ အရှက် မရှိတဲ့သူတွေသာ…”
“အာ၊ ဘာမှ မဟုတ်ပါဘူး။ ဘာမှ မဟုတ်ဘူး။ ငါးတွေ အများကြီး ရောင်းရတာ ကောင်းတာပေါ့၊ဘယ်လို ငါးတွေ ရလဲလို့ လာမေးတာ။ ညီလေးက အခန်းထဲ စကားပြောရ ပူတယ်ဆိုလို့ အပြင်မှာ ပြောကြမလို့ ...” ဦးလေး ရီသည် ရောင့်သုန်း စကားအား ဖြတ်ပြော၍ အိမ်နီးချင်းများအား မျက်နှာချိုသွေးလိုက်သည်။
ဒုတိယ ဦးလေး ရီသည်လည်း ဟန်ဆောင်ပြုံး၍ “အဟဲ၊ ကျွန်တော်တို့ စကား ပြောလို့ ပြီးပါပြီ အမေကလည်း လယ်ထဲသွားတာ အိမ်မှာ မရှိဘူးဆိုတော့ ပြန်တော့မှာ၊ အစ်ကို အရင်ပြန်ကြစို့”
“ကောင်းပြီလေ၊ အရင် ပြန်တာပေါ့၊ ပြန်မယ်”