黄色い幸せ < အဝါရောင်ပျော်ရွှင်မှုလေး >
တိတ်ဆိတ်ငြိမ်သက်နေပြီးမှိန်ပျပျအလင်းရာင်ရှိနေတဲ့အခန်းငယ်လေးထဲ Cello သံခပ်အေးအေးကပျံလွှင့်လျက်ရှိသည်။ Cello ကိုမျက်စိစုံမှတ်ကာတီးခတ်နေတဲ့ကောင်ငယ်လေးရဲ့လက်တွေက နှစ်ပေါင်းများစွာရင်းနှီးကျွမ်းဝင်နေသကဲ့သို့။ သံစဉ်နဲ့အတူခန္ဓာကိုယ်လေးနဲ့ ဆံနွယ်များကပါယိမ်းခါနေ၏။ မြင်သူတကာကိုရင်သပ်ရှုမာဖွယ်ဖြစ်စေတဲ့ မြင်ကွင်းတစ်ခုပင်ဖြစ်လို့နေသည်။
စိတ်မကောင်းစရာမှာတော့ လူငယ်လေးရဲ့သံစဥ် တွေကိုအားပေးမည့် တစ်စုံတစ်ဦးမျှရှိမနေခြင်းပင်။
သီချင်းတစ်ပုဒ်ပြီးဆုံးအောင် မတီးနိုင်ခင်မှာပဲ ထိုကောင်လေး ရဲ့လက်များဟာတုန်ယင်လာကာလက်ထဲက Cello bow မှာကြမ်းပြင် ပေါ်သို့တောက်ခနဲမြည်သံနဲ့အတူ ထွက်ကျသွားခဲ့သည်။ ထိုနည်းတူစွာ မှိတ်ချထားခဲ့သောမျက်တောင်ရှည်များကြားထဲက မျက်ရည်တစ်ပေါက်ဟာလည်း ပါးပြင်ပေါ်သို့ကျရောက်သွားခဲ့၏။
ဆောနူအသက် ရှစ်နှစ်အရွယ်ကတည်း Cello ကိုစတင်စိတ်ဝင်းစားခဲ့ပြီး သင်ယူခဲ့သည်။ ပြောရရင် Cello ကဆောနူဘဝရဲ့ ပထမဆုံးသူငယ်ချင်းဖြစ်သလို အချစ်ဦးလည်းဖြစ်ခဲ့၏။ အသက်တစ်ဆယ့်ငါးနှစ်အရွယ်မှာ ဆောနူကျွမ်းကျင်တဲ့ Cellist တစ်ယောက်ဖြစ်နေပြီ။ တစ်ဆယ့်ရှစ်နှစ်အရွယ်မှာတော့ နာမည်ကြီးဂန္ဓဝင်အနုပညာရှင်များနဲ့အတူ အနုပညာပွဲ တော်တော်များများမှာ အဓိက Cellist တစ်ယောက်အဖြစ် ဖျော်ဖြေနိုင်နေပြီ။ ဆောနူဘယ်သောအခါမှ သူ့ကိုယ်သူပြီးပြည့်စုံပြီလို့မတွေးခဲ့ပါ၊ သူ့ကိုယ်သူအမြဲကိုယ်ရည်သွေးနေခဲ့၏။