ကျောင်းစိမ်းလေးနဲ့ လှနေမယ့် ဆရာမလေးတစ်ယောက်အား အလယ်တန်းအဆောင်ဘက်တွင် မောင်လိုက်ရှာနေမိသည်။ မနက်ကတည်းက စောင့်နေရသည်မို့ အလယ်တန်းကလေးများက ထူးဆန်းသလိုကြည့် ကြည့်သွားကြသည်။ ဒါပေမယ့် မောင် မမှုပါ အစ်မ ကိုတွေ့ရဦးမည်။ ဘယ်ဘက်လက်မှာ ပတ်ထားတဲ့ နာရီလေးကိုကြည့်မိတော့ မနက် ၈နာရီထိုးနေလေပြီ။ ကိုးတန်းဆောင်သည် ၈နာရီခွဲ ကျောင်းတက်သည်မို့လို့ အစ်မကို မြင်ခွင့်ရရန် နာရီဝက်သာကျန်သည်။ အစ်မအားမျှော်နေမိသည် သိပ်မကြာလိုက်ပါ သူငယ်ချင်းတစ်ယောက်က သူ့ညီမလေးကို လိုက်ပို့ပြီး ကိုးတန်းဆောင်ပြန်မလို့လုပ်တုန်း မောင့်အားတွေ့လို့ လာနှုတ်ဆက်သည်ဟု ဆိုသည်။
"လာပါ ကျောင်းတက်တော့မယ်"
"ငါမလိုက်သေးဘူးလို့ ပေးစရာရှိသေးတယ်"
"မောင် မဟုတ်လား"
ထိုအချိန်မှာ ကြားလိုက်ရတဲ့ အသံအေးအေးလေး လှည့်အကြည့်မှာ မြင်လိုက်ရတဲ့ မျက်နှာကြည်ကြည်ကလေး အစ်မဟာ ကျောင်းစိမ်းဝတ်စုံလေးနှင့် ပိုလို့တောင်လိုက်ဖက်နေပါသည်။ ရင်ဖုံးအဖြူလက်ရှည်မဟုတ်တာကြောင့် ဖြူဝင်းနေသောလက်ကလေးများသည် မောင့်အတွက်ပြစ်မှားချင်စရာဖြစ်သည်။ မိတ်ကပ်ပါးပါးလေး နှုတ်ခမ်းနီပါးပါးလေး ဆိုးထားပေမယ့် အစ်မဟာကျောင်းစိမ်းလေးနှင့်ပိုလိုက်သည်။
"မောင် ဒီမှာဘာလုပ်နေတာလဲ"
အငေးလွန်မိပြန်ပါပြီ အစ်မဒုတိယတစ်ခါခေါ်မှာသာ ပြန်ထူးမိသည်။
"မောင် ဒီမှာဘာလုပ်နေတာလဲလို့"
"အစ်မ..အယ် တီချယ့်ကို ဒီပန်းလေးပေးချင်လို့"
ယူလာသောနှင်းဆီပန်းလေးကို အစ်မရှေ့ထုတ်ပြလိုက်သည်။ ဘေးနားကသူငယ်ချင်းကတော့ စပ်စုနေဟန်ကြည့်နေသည်။
"ပန်ပေးလေ မောင်"
"ဟုတ် မောင် ပန်ပေးမယ်နော် တီချယ်"
ပန်း ပန်ဖို့ အစ်မကအနောက်လေးလှည့်ပေးသည်။ ဆံထုံးလေးမှာ ပန်းလေးထိုးလိုက်သည် အစ်မသည် ဤပန်းနှင့်ပိုလှသည်။ကျောင်းတက်ခါနီးဖြစ်တာမို့ အစ်မအားနှုတ်ဆက်ကာထွက်လာလိုက်သည်။