Duke က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကမ္ဘာပျက်ကပ်စတင်ချိန်၌ အင်တာနက် ကဖေးတစ်ခုတွင် ရှိနေခဲ့သည်။ မူမမှန်သည့်အရာများ စတင်ဖြစ်ပေါ်လာချိန်တွင် ထွက်ပေါက်၌ လူပိတ်ဆို့မှုကြောင့် သူလည်း လူရှင်းသည်အထိ မစောင့်ဘဲ ပြတင်းပေါက်မှ တွယ်ဆင်းရန် ကြိုးစားခဲ့သည်။ သို့သော် လမ်းမပေါ်ရှိ လူများက ခွေးရူးပြန်သလို အချင်းချင်းကိုက်ခဲနေကြတာကို မြင်ပြီးနောက် အထဲတွင် အခြေအနေငြိမ်သွားသည်အထိ ပုန်းအောင်းရန်ကိုသာ ရွေးချယ်လိုက်သည်။
ထိုရွေးချယ်မှုက မှန်ကန်သွားသဖြင့် သူ ယနေ့အချိန်အထိ အသက်ရှင်နေခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ကမ္ဘာပျက်ကပ် အစောပိုင်းကာလများတွင် သူ့အတွက် ရှင်သန်ရပ်တည်ရေးမှာ သိပ်မခက်ခဲခဲ့ပေ။ ကျောင်းအိပ်ဆောင်ထက်ပင် ဒီအင်တာနက်ကဖေးတွင် နေသည့်အချိန်ကပိုများသောကြောင့် ဒီအဆောက်အအုံ တစ်ခုလုံးနှင့် သူသည် ရင်းနှီးနေခဲ့ပြီး ရိက္ခာ အလွယ်တကူ ရှာဖွေစားသောက်နိုင်ခဲ့သည်။
ကမ္ဘာပျက်ကပ်စတင်ပြီး တစ်ပတ်ကျော်အကြာ အင်တာနက်လိုင်းများ ရေပေးဝေမှုစနစ်များ ပြတ်တောက်သွားချိန်တွင်တော့ Duke လည်း အခန်းကျဉ်းလေးထဲ၌ ပုန်းအောင်းရသည်ကို မပျော်ရွှင်တော့ပေ။ ဂိမ်းစွဲလမ်းနေသည့်လူငယ်တစ်ယောက်အတွက် အင်တာနက် မရရှိခြင်းမှာ ညှင်းပန်းနှိပ်စက်မှုသာဖြစ်သည်။ တဖြည်းဖြည်း ပိုဆိုးရွားလာသည်က စားစရာများပါ ပြတ်တောက်ကုန်ခြင်းဖြစ်သည်။
လူငယ်တွေအတွက်တော့ ဘာတွေပဲဖြစ်လာဖြစ်လာ အဖော်အပေါင်းနှင့်သာဆို အကုန်ပျော်စရာပင်။ သို့သော် တစ်ယောက်တည်း ကွဲထွက်နေခဲ့သော duke ကတော့ သူငယ်ချင်းတွေကို လွမ်းသလိုလို တစ်ပတ်တစ်ခေါက် ရောက်ခဲလှသည့် ကျောင်းတော်ကြီးကိုပဲ လွမ်းသလိုလိုနှင့် နေရတာ မပျော်တော့ပေ။ ထို့ပြင် သူတစ်ယောက်တည်း ရှင်ကျန်ရစ်ခြင်း ဖြစ်နေမည်ကိုလည်း စိုးလှသည်။
ကမ္ဘာပျက်ကပ်တွင် ရပ်တည်နိုင်ဖို့က ကိုယ့်အားကိုယ် ကိုးရမည်ပင်။ နောက်ဆုံးကျန်သည့် ခေါက်ဆွဲထုပ်လေးကို ကိုင်ရင်း Duke မှာ မှိုင်တွေနေသည်။ အင်တာနက်ဆိုင်တွေမှာ အလွယ်ရနိုင်သည့် စားစရာက ခေါက်ဆွဲဖြစ်ပြီး သူသည် ဒီတစ်လျှောက်လုံး ခေါက်ဆွဲတွေပဲ စားခဲ့ရသည်။ အစကတော့ ခေါက်ဆွဲကို ကြက်ဥလေးပါထည့်ပြီး ပြုတ်သောက်နိုင်ခဲ့သော်လည်း အခုတော့ ဒီတိုင်းဝါးစားလို့သာ ရတော့မည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.