အပိုင်း - ၁၅၅ ( အရှုပ်အထွေးများ )(အမတ်မင်းအနား နေချင်တယ်)
ဟုန်ကျာလန်သုံးကောင်မှာ ကျင်းကျာလန်နှင့် ခွဲခွာရသည်နှင့် သေလုမြောပါးလေးလိုဖြစ်သွားကာ အားအင်ကုန်ခမ်းသွားသည့်နှယ် ပျော့ခွေကုန်၏။ အစားလည်းမစား ရေလည်းမသောက်တော့။ သွမ့်ပိုင်ယွဲ့လည်း မတတ်သာတော့သည့်အဆုံး ၊ ၎င်းတို့အား စောင့်ရှောက်ဖို့ ဝမ်းလျိုနျဲန်ဆီသာ ယာယီအပ်နှံထားလိုက်ရသည်။ သို့မဟုတ်ပါဘဲ ပျော့ဖတ်နုံးခွေကာ တကယ်နေမကောင်းဖြစ်သွားပါလျှင် ရှီးနန်ထိ ပြန်သွားရှာရပြန်ဦးမည်။ တွေ့နိုင်ဥိးမည်လားလည်း မသေ ။
"သေချာပြုစုစောင့်ရှောက်ပေးပါ့မယ်လို့ ဆက်ဆက်ကတိပေးပါတယ်ခင်ဗျာ"
ဝမ်းလျိုနျဲန်က ပျော်ရွှင်စွာ သဘောတူလာ၏။
သွမ့်ပိုင်ယွဲ့မှာ ဟုန်ကျာလန်များအား ယူေဆာင်သွားသည့် ဝမ်းလျိုနျဲန်၏ ကျောပြင်ကိုသာ ကြံရာမရစွာ ကြည့်ရင်း စိတ်ရှုပ်လာသည်။ သူတပါးထံတွင်ရှိသော ပိုးကောင်ကိ လုမယူနိုင်ရုံတင်မက မိမိပိုင်ဆိုင်သော ပိုးကောင်များကိုပင် မထိန်းသိမ်းနိုင်လိုက်သည်မို့။ ယခုလို ခံပြင်းစရာကောင်းလှသောအဖြစ်မျိုး သူ မကြုံဖူးပါချေ။
ဝမ်းလျိုနျဲန်ကမူ လွန်စွာမှ ပျော်ရွှင်နေကာ ဟုန်ကျာလန်တစ်သိုက်အား အိမ်ပြန်ယူသွားသည်။ အိမ်ပြန်ရောက်သည်နှင့် ပိုမိုကြီးမားသော သစ်သားဘူးထဲ ပြောင်းထည့်ပေးလိုက်ကာ ယဲ့ကျင် ပြင်ဆင်ပေးဖူးသော အစားအစာများနှင့် ကျွေးမွေး၏။
အရိပ်တပ်သားများလည်း ဘေးနားတွင် ဝိုင်းအုံပြီး စိတ်ဝင်တစား လာကြည့်ကြသည်။ ထို့အပြင် ရှီးနန်ဝမ်ဘက်မှ အရှုံးပေးရသည့်အဖြစ်ကို မြင်ရခြင်းမှာ ရှားပါးလွန်းကြောင်း ၊ မိမိတို့၏ နန်းဆောင်သခင်ကြီး မတတ်သာဘဲ အရှုံးပေးရသည့်မျက်နှာအား တွေ့နေရသည်နှင့် ထူးမခြားနားကြောင်း ပြောနေကြသည်။
အဲ့အတွက်လည်း ကြိတ်ပြီး ကျေနပ်အားရနေတာမျိုး လုံးဝလုံးဝ မဖြစ်ရပါဘူးနော်။
****
"ဝမ်ရယ်"
ဝမ်းလျိုနျဲန် ထွက်သွားပြီးသည့်နောက် သွမ့်နေ့မှ မေးလာ၏။