Eternal _ 1

247 10 2
                                    

_ Unicode _

အဝါရောင်နေမင်းသည် မေလလယ်နေ့ခင်းတစ်ခု၏ ပြယုဂ်ပီသစွာ ကျစ်ကျစ်တောက်အစွမ်းကုန်ပူနေသည် ။ အမြန်လမ်းမပေါ်တရိပ်ရိပ်ပြေးနေသည့် Honda Fit ကားလေးထဲမှ လေအေးပေးစက်သည် နေရှိန်ကို မတွန်းလှန်နိုင်သဖြင့် ကားထဲမှာပါ ပူအိုက်လျက် ။ ကားမှန်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာကာ မျက်နှာပေါ်သို့ ထိုးကျနေသည့် နေရောင်များကြောင့် ‌ကားရှေ့ခန်းရှိ “ကြည်သာရှင်းသန့်” ခေါင်းတွေပင်ကိုက်လာသည် ။ ဘေးခုံကိုလှည့်ကြည့်လိုက်တော့ ‌ကားမောင်းသူနေရာမှ မေမေက နေကာမျက်မှန်ဖြင့် နေရောင်ကိုကာကွယ်ထားပြီး အေးအေးဆေးဆေးမောင်းနှင်နေသည် ။  ကြည်သာရှင်းသန့်ခေါင်းကိုက်လာသည်မှာ နေရောင်ကြောင့်ပဲလား ၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်ပဲလား ။

“ သား ... နေပူလို့လား ... ရောက်တော့မှာပါ ”

မေမေ့စကားများကို မကြားချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကာ မျက်စိကိုပဲ စုံမှိတ်ထားလိုက်သည် ။ ကားမောင်းရင်း ဘေးကိုလှည့်မကြည့်အားတဲ့ မေမေကတော့ ကြည်သာအိပ်ပျော်နေသည်ဟုသာ ထင်နေသည် ။

လွန်ခဲ့တဲ့တစ်လလောက်ထိ ကြည်သာ လုံးဝစိတ်မကူးခဲ့မိဖူးသော အခြေအနေတစ်ခု ... ။ မျက်စိစုံမှိတ်ထားသော ကြည်သာ့မျက်လုံးထဲမှာ လွန်ခဲ့တဲ့နှစ်ပတ်ကျော်အချိန်ကာလတုန်းက ပုံရိပ်တွေကို ပြန်မြင်ယောင်နေမိသည် ။ တရားရုံးမှာနောက်ဆုံးတွေ့ခဲ့တဲ့ ဖေဖေ့ပုံရိပ် ၊ စိတ်လွတ်ကိုယ်လွတ်တအားပေါက်ကွဲနေခဲ့သောမေမေ ၊ ဖေဖေ့ကိုရန်လာတွေ့သွားတဲ့ မေမေ့အစ်ကို ကြည်သာ့ဦးလေးတွေ ပြီးတော့ ပြန်လည်စေ့စပ်ဖို့ ညှိနှိုင်းပေးနေကြတဲ့ လူကြီးတွေအကြောင်းက အစီစီအရီရီပြန်ပေါ်လာသည် ။ ဆယ့်လေးနှစ်သားတစ်ယောက်အတွက်ကတော့ ထိုအကြောင်းအရာတွေမှာ နားလည်ဖို့ခဲယဉ်းနေခဲ့သလို ကြည်သာကိုယ်တိုင်လည်း နားမလည်ချင်ပါ ။ သူ့ဉာဏ်လေးနဲ့လက်လှမ်းမီတာကတော့ ဖေဖေက နောက်အမျိုးသမီးနဲ့ဖောက်ပြန်ပြီး ထိုအမျိုးသမီးမှာ ကိုယ်ဝန်ထပ်ရသွားခြင်းက သူတို့မိသားစုဘဝလေးကို အပြီးတိုင်ဖျက်စီးခံခဲ့ရခြင်းပင်ဖြစ်သည် ။

Eternal Where stories live. Discover now