a little talk with my love

91 14 4
                                    

"Jen ရေ မြန်မြန်လာပါဦး"
Jeno တစ်ယောက် ပန်းကန်တွေ ဆေးပြီး ပန်းကန်စင်ပေါ် တင်နေတုန်း အိပ်ခန်းဘက်က အသံဆာဆာလေးကြောင့် ပြုံးမိသည်။
"လာပါပြီ ကလေးရဲ့"
"မြန်မြန်နော် ။ ဒီမှာ ရှုခင်းလေးတအားလှနေတာ"
သူ့ကို လောဆော်ရင်း ဆူတူတူဖြစ်နေမည့် နှုတ်ခမ်းလေးကို တွေးမြင်မိတော့ ပြုံးမိသေးရဲ့။
Renjunnie က မြန်မြန်ဆိုပေမယ့် သူက သိပ်မြန်နိုင်ဦးမည် မဟုတ်။ ကော်ဖီဖျော်ရဦးမည်လေ။ သူ့ကလေးလေးက ညနေစာစားပြီးရင် ကော်ဖီသောက်တတ်သည်မဟုတ်လား။
ကော်ဖီနှစ်ခွက်ကို ကိုင်ရင်း အိပ်ခန်းထဲ ရောက်တော့ Renjun က ခုတင်ပေါ်ထိုင်ကာ ပြတင်းပေါက်ကို မျက်နှာမူလျက် အပြင်ကို ငေးလျက်ရှိသည်။ ပြီးတော့ သူ့ဘက်ကို လှည့်ကြည့်လာသည်။
"Jen က ကော်ဖီပါ‌ေဖျာ်လာတာပဲ။ အဲ့ဒါကြောင့် ကြာနေတာလား"
"ဒါပေါ့"
Renjunnie က ပါးချိုင့်ရေးရေးလေးပေါ်အောင် ပြုံးရယ်ရင်း သူ့လက်ထဲက ကော်ဖီခွက်တွေကို လှမ်းယူပြီး ပြတင်းပေါက်ဘောင်ပေါ်တင်လိုက်သည်။ သူကတော့ Renjun ဘေးမှာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
အပြင်လောက၌ အမှောင်ထုသည် တစ်စတစ်စ ကြီးစိုးလာပေပြီ။ မီးမဖွင့်ဘဲထားသဖြင့် သဘာဝအလင်းအနည်းငယ်သာ အခန်းတွင်း ဝင်ရောက်လျက်ရှိသည်။
မိုးသည် တစ်ဖျောက်စ နှစ်ဖျောက်စ သာ ကျဆင်းနေသည့်တိုင် လေအေးတချို့က တိုးဝှေ့လာတတ်သည်။
သူက နံဘေးရှိစောင် တစ်‌ထည်ကို Ren နှင့် သူ့အပေါ် လွှမ်းခြုံလိုက်သည်။ ပတ်ဝန်းကျင်ကို ငေးနေသည့် ကလေးက သူ့ကို စောင်းငဲ့ကြည့်ပြီး သူ့နံဘေးကို ပိုတိုးလာသည်။
"Jen က ချစ်ဖို့ကောင်းလိုက်တာ"
Renjunnie က သူ့လက်ကလေးများနှင့် Jeno လက်တွေကို လာရောက်ဆော့ကစားနေပြန်သည်။
"မလှဘူးလား Jen ရယ်"
အပြင်ဘက်ကို လက်ညှိုးလေးထိုးပြရင်း ဆိုပြန်သည်။
"ကျွန်တော်ဖြင့် အိပ်မက်ထဲ ရောက်နေသလိုပဲ။ Jen သိလား တစ်ခါတစ်လေကျရင် ကျွန်တော့်အိပ်မက်တွေက ဒီလို အရောင်မျိုးတွေမက်တယ်"
Renအိပ်မက်တွေနှင့်တူသည် ဆိုသော ပတ်ဝန်းကျင်၏ အရောင်သည် အနက်ထဲတွင် အပြာအနည်းငယ် ဖောက်သလိုဖြစ်သည်။ ကောင်းကင်သည် မှောင်ချင်နေသော်လည်း အပြာရောင်အနည်းငယ်ကို မြင်ရသေးသည်။ ထိုကောင်းကင်၏ အောက်ရှိ အပင်များကတော့ အမှောင်ရိပ်သမ်းနေပြီ။ သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ နှင်းဆီခြုံလေးသည် အပွင့်များ၏ အရောင်ကို မမြင်ရဘဲ တိုးချဲ့လာသောအမှောင်ရိပ်တွင် ငြိမ်သက်စွာ ငိုက်မြည်းနေသည်။
"Ren အိပ်မက်တွေထဲမှာ ကိုယ်ပါဖူးလား"
Ren က ကော်ဖီကို တစ်ကျိုက်သောက်ပြီးမှ
"ပါဖူးတယ်။ Jen နောက်ဆုံးနှစ်၊ Jenရဲ့ ကြီးကြီးဆေးရုံတက်တုန်းက။ အိပ်မက်ထဲမှာ Jen က ငိုနေခဲ့တာ။ ကျွန်တော်က Jen ကို အဝေးကနေဘဲကြည့်နေခဲ့ရတာ"
"ဟုတ်လား။ ဘာလို့ကိုယ့်ဆီမလာခဲ့တာလဲ"
"ဘာရမှာလဲ။ အဲဒီတုန်းက သူပဲ လူကို မကောင်းတတ်လို့ ‌ဆက်ဆံရတဲ့လူလို လုပ်နေပြီးတော့"
ပြောရင်း Ren က နှုတ်ခမ်‌းတွေပါ ဆူလာသည်။
"အိပ်မက်ဆိုတာ လက်တွေ့လောကရဲ့ရောင်ပြန်ပဲ။ ခင်ဗျားက သူစိမ်းဆန်နေမှတော့ ကျွန်တော်က ခင်ဗျားနားကပ်ရဲပါ့မလား"
ပြောရင်း သူ့လက်မောင်းကို ဆွဲဆိတ်ပြန်သည့် အဆိုးလေး။
"အာ့ အ နာတယ်လေ Ren ရဲ့"
"နာပေ့စေ။ ပြီးတော့ ကျွန်တော်နဲ့ ဒုတိယ အကြိမ်ပြန်တွေ့တော့ ကျွန်တော့်ကို မမှတ်မိဘူး မဟုတ်လား"
အဲဒီတုန်းက Ren က ပထမနှစ်စာမေးပွဲဖြေအပြီး ၊ သူကတော့ စတုတ္ထနှစ်ဖြေအပြီး ကျောင်းတွေပိတ်ထားချိန်ပေါ့။ ဆိုင်တစ်ဆိုင်မှာ ဆုံမိတော့ Ren က သူ့ကို ပြုံးပြ၍သာ ပြန်ပြုံးပြလိုက်ရသည်။ ဘယ်သူလဲဆိုတာ သိပ်မမှတ်မိ။ တကယ်တော့ Ren တို့ ပထမနှစ်ရောက်ရောက်ချင်းကတည်းက သူတို့ကို Ren ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သည့် Jeno ၏ အိမ်နီးချင်း ညီလေး Chenle က မိတ်ဆက်ပေးဖူးသည်။
"အဟုတ်ပဲ။ အဲဒီတုန်းက တကယ်ကို သိသလို မသိသလိုနဲ့။ အိမ်ပြန်ရောက်မှ Ren ကို မှတ်မိတာ"
"တကယ်တော့ ကျွန်တော်လည်း သေချာမမှတ်မိဘူး။ ဒီအတိုင်း မြင်ဖူးသလိုရှိတာနဲ့။ ဟီး"
"ကြည့်စမ်း သူလဲ မမှတ်မိဘဲနဲ့"
ခါးလေးကို ကလိထိုးတော့ ရင်ခွင်ထဲမှာ တွန့်လိမ်နေသည်။
"နာမည်ကိုတောင် Jen က friend request လာတောင်းမှ မှတ်မိတာ"
ပြောပြီး တစ်ခစ်ခစ်ရယ်နေပြန်သည့် ကလေးလေး။
အဲသည်လို တစ်ယောက်နှင့် တစ်ယောက် မမှတ်မိရာကနေ နောက်တော့ စကားတွေပြောဖြစ်သည်။ စာတွေဆွေးနွေးဖြစ်ခဲ့ကြသည်။ပြီးတော့ Ren က သူ့ကို ချစ်ခဲ့သည်တဲ့။
"Jen ကျွန်တော့်ကို ပထမဆုံးကော်ဖီလိုက်တိုက်တာမှတ်မိသေးလား"
"မှတ်မိတာပေါ့"
"အဲဒီနေ့ကစပြီး Jen ကို ချစ်သွားတာ"
ဘေးချင်းယှဉ်ထိုင်နေရာမှ Ren က သူ့ကို စောင်းငဲ့ကြည့်ရင်းဖွင့်ဟသည်။
ကြယ်ရောင်လဲ့လဲ့အောက်မှ ကြယ်စဉ်စုနှစ်စုသည် လွမ်းမောရိပ်များ ရစ်သိုင်းလို့လာသည်။
"ကိုယ်တောင်းပန်ပါတယ်"
ကိုယ်လုံးသေးသေးလေးကို ဖက်တွယ်လိုက်တော့ သူ့ရင်ခွင်ကို အလိုက်သင့်လေးမှီဝင်လာသည်။
"2nd yr တစ်နှစ်လုံး Jen ကို ကြိုးကြိုးစားစား ကြိုက်လာတာ"
ဟုတ်ပါသည်။ တကယ်ကို ကြိုးကြိုးစားပါပဲ။ သူ့ကို စာတွေရှင်းပြလိုပြခိုင်းရဲ့၊ အကြောင်းတွေရှာ ဖုန်းဆက်လိုဆက်ရဲ့၊ တစ်ခါတစ်ရံ ဘာမှန်းမသိဘဲစိတ်ကောက်နေတတ်၍လည်း ချော့ရရဲ့။
"2nd yr ပဲလား"
"အင်း"
ရင်ခွင်ထဲကခေါင်းလေးငြိမ့်ရင်းဆိုသည်။
"2nd yr စာမေးပွဲပြီးတော့ ကျွန်တော် Jen ကို မုန့်သွားစားဖို့ခေါ်တယ်လေ။ ဒါပေမယ့် Jen က ငြင်းခဲ့တယ် မဟုတ်လား"
"ဪ ကိုယ်က ကလေးကျွေးတဲ့မုန့်ကို စားရမလား။ လူကြီးကပဲ ကျွေးသင့်တယ်ထင်လို့ငြင်းခဲ့တာ"
Ren က မှီနေရာက ထပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော် သဘောကျနေတာ သိနေတယ်မလား"
"မသိပါဘူးဆို ကလေးရယ်။ နည်းနည်း တစ်မျိုးတော့ တစ်မျိုးပဲ အဲ့လိုလောက်ပဲ "
သူတကယ်ကို မသိခဲ့ပါ။ ဝါသနာတူတာမို့ စကားပြောဖြစ်တာ။ကိုယ့်ထက်အငယ်လေးက စိတ်ကောက်လို့ ချော့တာ။ သူက ဒီလောက်သာ။
"Jenတို့ နိုင်တိ ဂွမ်တိက ဘိုးတော်တွေက အဲ့လိုချည်းပဲ။ Mark Hyung ဆိုလည်း သူက ချည်းဝယ်ကျွေးတာ။ စားရတာ အားတောင်နာတယ်။ ဟိ ဟိ"
"ဒီကလေးဟာလေ အမြဲတမ်း အသက်နဲ့ လိုက်နှိပ်ကွပ်တာပဲ။ သုံးနှစ်လေးပဲ ကြီးတာပါနော်"
"အဖိုးကြီး အဖိုးကြီး"
သူ့နှာခေါင်းကို လက်လေးနှင့် ဖွဖွလေး ညှစ်ရင်း စနေသေးသည်။ စိတ်ပျော်နေသည် ထင်ပါ့။
"ကဲပါ ။ အဲ့ဒါနဲ့ ကိုယ့်ကို မေ့လိုက်တယ်ပေါ့"
"မေ့တာလို့ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ကို သဘောမကျတဲ့လူတစ်ယောက်ကို မနှောင့်ယှက်ချင်ရုံပါ။ ပြီးတော့ Jen က ကျောင်းလည်းပြီးသွားပြီဆိုတော့ တွေ့စရာ အကြောင်းမှ မရှိတာ"
အဲ့သည်လို ထင်ခဲ့ပေမယ့် Ren နောက်ဆုံးနှစ် ရောက်တော့ ကော်ဖီဆိုင်တစ်ခုမှာ ကော်ဖီသောက်နေတဲ့ Ren ကို ပြန်တွေ့ခဲ့သည်။
ထိုညနေခင်း၏ လိမ္မော်ရောင် အလင်းနုနုတို့ ဖြာကျနေသော Ren မျက်နှာလေးကို သူမေ့မရနိုင်ပါ။ အဲ့သည်နောက်အခြေအနေတွေတမျိုးပြောင်းခဲ့သည်။ အရင်လို Ren က စဆက်သွယ်တာမျိုးမဟုတ်ဘဲ သူကအရင် ဆက်သွယ်တာမျိုး။ Ren သွားတတ်သည့် ကော်ဖီဆိုင်တွင် သွားစောင့်နေမိတာမျိုးပေါ့။
"Ren က အရင် သဘောကျခဲ့ပေမယ့် ကိုယ်ကအရင် ချစ်တယ်ပြောခဲ့တာနော်"
"အင်း"
"ဒါပေမယ့် Ren က ငြင်းခဲ့တယ်"
Ren က သူ့ရင်ခွင်ထဲ ပြန်လည်တိုးဝင်လာသည်။
"ကျွန်တော်လေ အဲ့ဒီတုန်းက တကယ်ကို မချစ်ချင်တာ။ အချစ်ပဲခံချင်တော့တာ"
Ren ကို ချစ်တယ် ဝန်ခံပြီး သူ သုံးနှစ်လောက်ကြိုးစားခဲ့ရသည်။ Ren က သူ့ကို မူနေတာမျိုးမဟုတ်ဘဲ တကယ်ကို အချစ်ကို စိတ်ကုန်သလိုမျိုးဖြစ်နေခဲ့တာပင်။ အချစ်ခံချင်တယ်လို့ ရေရွတ်နေရင်းက အချစ်ခံရဖို့ ကြောက်ရွံ့နေခဲ့သည်။
"အခုရော"
"အခုတော့ Jen ဆီက အချစ်ခံရတာရော Jen ကို ချစ်ရတာရောကို တအားသဘောကျနေပြီ"
"တအားကို သဘောကျတာလား"
Ren ခါးလေးကို ဖက်ရင်း ခုတင်ပေါ် လှဲချတော့ အလိုက်သင့်လေးပါလာသည်။
"အင်း တအားကို သဘောကျတာ"
သူ့လက်မောင်းကို အကျအန ခေါင်းအုံးရင်းဖြေသည်။
"မှောင်နေပြီ"
"ကြယ်တွေ အများကြီးပဲ။ လှလိုက်တာ"
"ကိုယ့် ကလေးလေးရဲ့ မျက်ဝန်းတွေက ပိုလှတယ်"
တိုးဖွဖွရယ်သံများက ညသန်းခေါင်ယံ၏ လေပြည်ထဲ တိုးဝင်ပျံ့နှံ့သွားသည်။

                         The End

အချစ် နှင့် စကားစမြည်Where stories live. Discover now