ချောက်နက်ကြီးအပေါ်ရှိ တောင်စွန်းလေးတစ်ခု။ ဘေးပတ်ပတ်လည်၌ ကျောက်စိုင်ကျောက်သားထုများ ဝန်းရံကာ လမ်းဟူ၍မတွေ့။ လူ့ခန္ဓာကိုယ်ထက် အဆများစွာ ငယ်သော လိပ်ပြာငါးကောင်သည် မိုးပေါ်တွင် လေအရှိန်ကြမ်းကြမ်းဖြင့် ပျံဝဲသွားသည်။ ၎င်းလေကြောင့် ဆူးညှာကိုယ်မှာ မထိန်းနိုင်ဘဲ ပုံလျက် လဲကျသွားပြီး ချောက်ထဲမကျအောင် သစ်ကိုင်းကို လှမ်းဆွဲလိုက်သည်။ တောင်စောင်းမှာ ခဲလုံးလေးများ လိမ့်လာပြီး ဆူးညှာမှာ ချောက်ထဲ ကျလုနီးပါး တေ့တေ့လေးကုပ်တွယ်ထားရသည်။
"မယ်မင်းခန္ဓာက ပျက်သုဥ်းကိန်းဆိုက်နေပြီ''
ခက်ထန်မာကျောသောအသံကြောင့် ဆူးညှာ မြေကြီးကို ကုပ်တွယ်ထားရင်း မော့ကြည့်လိုက်သည်။ ဆူးညှာနှင့် ရုပ်ချင်းဆင်တူသည့်မိန်းကလေးတစ်ဦး။ သူမက မင်းသမီးတစ်ပါးလို ခမ်းနားစွာ ဝတ်ဆင်ထားသည်။
"ဟောဟိုမှာ ကြည့်လေစမ်း''
သူမညွှန်ပြသည့်နေရာကို ကြည့်လိုက်တော့ အဖြူရောင်အလင်းတန်းတစ်ခုဖြာထွက်လာပြီး ၎င်းအလင်းတန်းထဲ၌ ဆေးရုံကုတင်ပေါ် သတိလစ်နေသော ဆူးညှာကို ဆူးညှာပြန်တွေ့လိုက်ရသည်။ ဆရာဝန်များက နှလုံးရပ်နေသည့်ဆူးညှာကို နှလုံးပြန်ခုန်လာအောင် အသည်းအသန် ကြိုးစားနေကြပုံများ မြင်တွေ့ရပြီး ဆူးညှာ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ဆူးညှာ ဆွဲထားသည့်သစ်ကိုင်းမှာ တဖြည်းဖြည်း ကျောက်စိုင်နဲ့ ပွန်းကာ ကြိုးပြတ်မလိုဖြစ်လာတော့ ဆူးညှာ ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်၏။ အဆုံးမမြင်နိုင်သော မှောင်မည်းနေသည့် ချောက်ကြီးမှာ မျက်စိရှေ့မှောက်ရောက်နေသည်။
"မယ်မင်း ဤချောက်ထဲ ကျလျှင် ဟိုမှာ ရှိပေတဲ့ မယ်မင်းခန္ဓာလည်း လူ့ဘဝကို စွန်ခွာနှုတ်ဆက်ရပေလိမ့်မယ်''
"သုဒ္ဓါရုံဝတီ၊ ငါ့ကို ကယ်ပါ...နော်''
ဆူးညှာ သုဒ္ဓါရုံဝတီဆီသို့ လက်ကမ်းပေး၍ ကယ်တင်ပေးရန် ညှိုးငယ်စွာ တောင်းဆိုမိသည်။
"မယ်မင်းကိုယ်တိုင်က သုဒ္ဓါရုံဝတီရဲ့အသက်ဝိညာဥ်မဟုတ်ပေဘူးလား''
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်