Unicode
ပေးထားတဲ့လိပ်စာကဒ်ကို ထုတ်ကြည့်ပြီး ကားကို အိမ်ယာ၀န်းထဲ မောင်း၀င်ခိုင်းလိုက်သည်။ ကားမောင်းလာတဲ့ ဇာနည်က ဒီအိမ်ယာထဲကို နှစ်ခေါက်လောက်ရောက်ဖူးထားတာမို့ သူ့ကိုခေါ်ခဲ့တာ ဖြစ်သည်။
"ကျွန်တော် သိတယ် ကိုခန့်၊ အရင်လာပို့ပေးဖူးတာ ဒီနားပဲ"
"အေးပါ"
ဇာနည်က အလုပ်၀င်တာလည်း မကြာသေးပေမယ့် အလုပ်မှာ အရမ်းကြိုးစားပြီး မခိုကပ်တဲ့သူမို့ အားလုံးက သဘောကျကြသည်။ ကားမောင်းချင်လိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိ၊ ပြင်ပြီးသမျှကားတိုင်းကို "ကျွန်တော် ပြန်ပို့ပေးမယ်" ဆိုတာချည်းပဲ။ ကလေးဆိုတော့ အပြင်ထွက်ချင်တာလည်း ပါမှာပေါ့။ ဒါပေမယ့် လိုင်စင်မရှိတာကြောင့် ဘေးမှာ အကြီးတစ်ယောက်တော့ အမြဲလိုက်ပေးရသည်။
"ဟေ့ကောင် .. ဟွန်းမတီးနဲ့လေ"
"ကိုခန့်ကလဲ .. ရှေ့ကကောင်လုပ်နေတာကိုလည်း ကြည့်ဦး"
ဟုတ်တော့လည်း ဟုတ်သည်။ လမ်းလယ်ခေါင်ကို တက်လျှောက်နေပြီး အနောက်မှာ ကားလာနေတာကို သိရက်နဲ့ တမင်မရှောင်၊ လှည့်လည်း မကြည့်ဘဲ သွားနေတဲ့ လူငယ်တစ်ယောက်။ ကြည့်ရတာတော့ ဒီအိမ်ယာထဲကပဲ ဖြစ်လိမ့်မည်။ တမင်လုပ်နေမှန်း သိပေမယ့် ပြဿနာတက်လို့ မဖြစ်ပါ။
"ရှောင်လို့မှ မရတာ၊ ကျွန်တော် ၀င်တိုက်လိုက်ရမှာလား"
"ရပ်လိုက်ကွာ .. ဘေးကပ်ရပ်လိုက်"
ဇာနည်က မကျေမနပ်နဲ့ ကားကို ရပ်သည်။ ဒီနေရာမှာ ပြဿနာတက်ရင် ကား၀ပ်ရှော့ကအလုပ်သမားနှစ်ယောက်နဲ့ ဒီအိမ်ယာထဲမှာနေတဲ့ကောင်နဲ့ ဘယ်သူ့အပြစ်ဖြစ်မလဲဆိုတာ မှန်းကြည့်စရာတောင်မလိုပါ။ ပိုင်ခန့်ကို ကားတံခါးဖွင့်ကာ ဆင်းသွားလိုက်ပြီး ရှေ့က လူငယ် ဘေးနားအထိလျှောက်သွားလိုက်သည်။
"ဘေးနဲနဲ ကပ်ပေးလို့ရမလား ..."
"မရဘူး ..."
အချိုးမပြေတဲ့လေသံနဲ့ လှည့်တောင်မကြည့်ဘဲ ပြန်ပြောတဲ့ကောင်ကြောင့် ဒေါသဖြစ်သွားပေမယ့်၊ စိတ်ကို ထိန်းထားလိုက်သည်။ လမ်းလည်ခေါင်တည့်တည့်ကနေ တမင်လျှောက်နေတဲ့ကောင်က ဘေးကို နဲနဲလေးတောင် မရွေ့ပေးပါ။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။