선배 -11-

212 32 11
                                    

လေးလံနေသောမျက်ခွံများကို ဖွင့်ကြည့်ဖို့ ကြိုးစားမိချိန်မှာ ဂျွန်မြောင် အတွက်ပထမဆုံး ခံစားမိခြင်းက နွေးထွေးသော ကိုယ်သင်းရနံ့တစ်ခုရယ်သာ။ စိတ်ကိုလန်းဆန်းစေသည့် ဆေးပူရှိန်းရနံ့နှင့်ပြေပြေလေးရောထွေးနေသော ယောက်ျားဆန်သောကိုယ်သင်းရနံ့တို့က သူ့ကို လုံခြုံမှုနှင့်မှီခိုချင်စဖွယ်ခံစားချက်မျိုး ပေးနေသကဲ့သို့ပါပင်။

မျက်လုံးမှိတ်လျက်သားနှင့် သူ့ရဲ့လက်များကို မွေ့ယာပေါ် ဟိုဟိုသည်သည်စမ်းမိသည့်အခါ အိပ်နေကျမွေ့ယာနှင့်မတူဘဲ တောင့်တင်းပြီးပြေပြစ်နေတာကို ဂျွန်မြောင် သတိထားမိလိုက်ပါ၏။ သည်အခြေအနေတွင် အခန်းအပူချိန်ကလည်း လုံလောက်အောင်နွေးထွေးနေပြီး သူ့အတွက် သက်သောင့်သက်သာရှိလွန်းနေပါသည်။ ထိုသို့ နွေးထွေးသည့်အပူချိန်က မနက်ခင်း၌ အိပ်ရာစောစောထတတ်သည့် သူ့ရဲ့အကျင့်ကိုပျက်ပြားစေပါ၏။

မွေ့ယာထဲဆက်လှဲနေချင်သေးတာကြောင့် ဂျွန်မြောင် ရင်ဘတ်၌ကပ်ထားမိသည့် လက်ကိုဆန့်ထုတ်ပြီး အကျင့်အတိုင်း မွေ့ယာခင်းကိုပွေ့ဖက်ထား ဖြစ်လိုက်သည်။ သို့ပေမယ့် ထူးဆန်းလွန်းသည်။ ဘာကြောင့် သူ့ရဲ့မွေ့ယာက အရမ်း ကျစ်လစ်သွားရတာပါလိမ့်??

နောက်ပြီး မွေ့ယာခင်းအသားကရော ဘာလို့ ရှပ်အင်္ကျီသားလိုအိကျိကျိနဲ့ တမျိုးလေးဖြစ်နေရတာလဲ???

ရုတ်တရက် အသက်ရှူထုတ်သံကို နီးနီးကပ်ကပ်မှာပင် သူကြားလိုက်ရသည်ထင်၏။ တကယ့်ကို နီးနီးကပ်ကပ်ကြီးကြား လိုက်ရတာကြောင့် ဂျွန်မြောင် မျက်ခွံများက အလျင်စလို စတင်ကာ ပွင့်လာခဲ့သည်။

အဦးဆုံးအနေဖြင့် သူ မြင်လိုက်ရတာက ဂျူံအရောင်အဆင်းနှင့် လည်တိုင်ရှည်လေးဖြစ်လို့နေခဲ့သည်။ ထို့အပြင် သူ့ရဲ့အခြားလက်တစ်ဖက်က ၎င်းလည်တိုင်၏အနီးမှာ ဖြစ်သလို ချထားမိတာကို ဂျွန်မြောင် တွေ့နေရသည်။

ထိုအထိ သူ့ဦးနှောက်အလုပ် ကောင်းစွာမလုပ်သေးပါချေ။

အိပ်ရေးမဝတဝ မျက်လုံးများနှင့် ဂျွန်မြောင်က ထိုလည်တိုင်လေးအလယ်၌ရှိသော အာဒံသီးလေးကို လက်ချောင်းထိပ်ဖျားလေးဖြင့် သွားရောက်ပွတ်ထိ ကြည့်လိုက်သေးသည်။ ထိလို့ကောင်း၍ သူ ဆက်ထိကြည့်နေမိ၏။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now